(Zawgyi / Unicode)
ရွှေတြိဂံဒေသကလာတဲ့ မူးယစ်ဆေးဝါးတွေကို အဓိကဖြန့်ဖြူးနေတဲ့ မူးယစ်ဂိုဏ်းတခုနဲ့ မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော် ထိပ်တန်းတာဝန်ရှိသူတဦးက ဒီရက်ပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယပြည်နယ်၊ ဘန်ပအင်မြို့နယ်အတွင်းက နေအိမ်တလုံးကို ဝင်ရောက်စီးနင်း ရှာဖွေရာမှာ Ice နဲ့ ခေတမင်မူးယစ်ဆေး ကီလိုပေါင်းများစွာအပြင် စိတ်ကြွဆေး အမြောက်အမြားကို ဖမ်းမိခဲ့တဲ့အကြောင်း ထိုင်းဘုရင့်တပ်မတော်က ဒုဗိုလ်ချုပ် Samran Nuanma ဦးဆောင်ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
"ရွှေတြိဂံဒေသကလာတဲ့ Ice မူးယစ်ဆေး ကီလို ၄၀၀ နဲ့ ခေတမင်မူးယစ်ဆေး ကီလို ၁၆၀၊ စိတ်ကြွဆေး ၃၇၀,၀၀၀ ကို ဖမ်းမိခဲ့ပြီး အယုဒ္ဓယပြည်နယ်ကတဆင့် မူးယစ်ဆေးဝါးတွေကို ပြည်နယ်အသီးသီးကို ဖြန့်ချိနေတာဖြစ်တယ်" လို့ ပြောသွားပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုးနဲ့ဆိုရင် ဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော်လောက် တန်ဖိုးရှိပါတယ်။
အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရွှေတြိဂံဒေသ အိမ်နီးချင်းနိုင်ငံတခုကနေ မူးယစ်ကုန်သည်တဦးက ပို့တာဖြစ်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မူးယစ်ဂိုဏ်းဝင် သုံးဦးနဲ့အတူ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ အိမ်၊ ကားနဲ့ ဘဏ်စာအုပ် ၁၂ အုပ်တို့ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခဲ့တာမှာ တန်ဖိုးငွေ စုစုပေါင်း ထိုင်းဘတ် ၁၇၅ သန်းကျော် ရှိတယ်လို့ ပြောပါတယ်။
ရွှေတြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းဘက်ကို အလုံးအရင်းနဲ့ သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ်အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့ ရေးထားပါတယ်။
ထိုင်းအစိုးရအအနေနဲ့ တနှစ်အတွင်း ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး သန်းပေါင်း ၆၀ ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်တရားခံ ၆၄၁ ဦးနဲ့အတူ ပိုင်ဆိုင်မှုတန်ဖိုး ဘတ်သန်း ၆၀၀ ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်နှိမ်နင်းရေး တာဝန်ရှိသူများကလည်း မကြာသေးခင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
-------------------------
(Unicode)