သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဂိုဏ်းဝင် ၂ ဦး ထိုင်း-မြန်မာနယ်စပ်မှာ အသေဖမ်းမိ


ထိုင်းနယ်ခြားစောင့်တပ်နဲ့ မူးယစ်ဂိုဏ်းဝင်တွေ ပစ်ခတ်မှုအပြီး သိမ်းဆည်းရမိတဲ့ အိုက်စ်မူးယစ်ဆေးပါ ကျောပိုးအိတ်များ။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)
ထိုင်းနယ်ခြားစောင့်တပ်နဲ့ မူးယစ်ဂိုဏ်းဝင်တွေ ပစ်ခတ်မှုအပြီး သိမ်းဆည်းရမိတဲ့ အိုက်စ်မူးယစ်ဆေးပါ ကျောပိုးအိတ်များ။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်မှာ ဒီရက်ပိုင်းမှာပဲ မူးယစ်ဂိုဏ်းဝင် ၁၅ ဦးခန့်နဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီး မူယစ်ဂိုဏ်းဝင် ၂ ဦး အသေပစ်ခတ် ဖမ်းမိခဲ့သလို အိုက်စ်မူးယစ်ဆေး ကီလို ၃၀၀ နီးပါးပါတဲ့ ကျောပိုးအိတ် ၁၅ လုံးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းက ချင်းရိုင်ပြည်နယ်ဟာ စိတ်ကြွဆေးတွေ သန်းရာနဲ့ချီပြီး ဝင်ရောက်နေတဲ့ ပြည်နယ်တခုဖြစ်ပြီး ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးတွေကို မကြာခန ဖမ်းမိနေတာပါ။

ဒီရက်ပိုင်းအတွင်း ထိုင်းနယ်ခြားစောင့်တပ် အမှတ် ၃၂ တပ်ဖွဲ့ဝင်တွေဟာ ချင်းရိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထွက်ချိန်မှာ ထိုင်းနယ်စပ်ကို ရောက်လာတဲ့ မူးယစ်ဂိုဏ်းဝင် ၁၅ ဦးခန့်နဲ့ မိုဆယ်ကျေးရွာအနီးမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

မူးယစ်ဂိုဏ်းဝင်တွေဟာ ထိုင်းဘက်ကို အိုက်စ်မူးယစ်ဆေးတွေ လာပို့ချိန်မှာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း ချင်းရိုင်ပြည်နယ် နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မူးယစ်ဂိုဏ်းဝင် ၁၅ ဦးထဲက ၂ ဦးကိုတော့ အသေဖမ်းမိခဲ့ပြီး ကျန်တဲ့သူတွေကတော့ မူးယစ်ဆေးဝါးတွေပါတဲ့ ကျောပိုးအိတ်တွေကိုချပြီး ထွက်ပြေးသွားပါတယ်။ ကျောပိုးအိတ်တလုံးမှာတော့ အိုက်စ်မူးယစ်ဆေး ၁၉ ကီလိုခွဲခန့်ပါပြီး စုစုပေါင်း ကျောပိုးအိတ် ၁၅ လုံးကို သိမ်းဆည်းနိုင်ခဲ့တဲ့အတွက် အိုက်စ်မူးယစ်ဆေး ကီလို ၃၀၀ နီးပါးကို ဖမ်းမိခဲ့တယ်လို့ ချင်းရိုင်ပြည်နယ် နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းမိတဲ့ အိုက်စ်မူးယစ်ဆေးတွေရဲ့ ကာလတန်ဖိုးကတော့ ထိုင်းဘတ်ငွေ သန်း ၃၀၀ လောက် တန်ဖိုးရှိပါတယ်။

တဆက်တည်းမှာပဲ ရွှေတြိဂံဒေသကနေ စိတ်ကြွဆေး အမြောက်အမြား သယ်ဆောင်နေတဲ့ ထိုင်းနိုင်ငံသား မူးယစ်ဂိုဏ်းဝင်တွေကိုလည်း လိုက်လံဖမ်းဆီးနေရာမှာ Phitsanulok ပြည်နယ်က နာမည်ကြီး မူးယစ်ဂိုဏ်းဝင်တွေရှိရာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးစဉ်မှာ ကာလတန်ဖိုး ဘတ်ငွေ သန်း ၁,၀၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၅ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် အဲဒီမူးယစ်ဂိုဏ်းရဲ့ အဓိက ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ အမှတ် ၆ ဒေသ ရဲမှူး Payoo Thanasiebwong က အောက်တိုဘာလကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“မူးယစ်ဂိုဏ်းရဲ့ အရေးပါတဲ့သူဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့အတွက် သူ့ကို ဖမ်းမိဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်တဲ့အကြောင်း” သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။

ရွှေတြိဂံဒေသက မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းဘက်ကို အလုံးအရင်း သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)












XS
SM
MD
LG