သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေအလုပ်လုပ်ခွင့်ပြုရေး မလေးရှားအစိုးရစဉ်းစား


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ၊ Selayang မြို့က လမ်းဘေးဈေးတခုမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်ဈေးသည်များ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၇
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ၊ Selayang မြို့က လမ်းဘေးဈေးတခုမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်ဈေးသည်များ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၇

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် တရားဝင် မှတ်ပုံတင်ထားတဲ့ သူတွေကို အလုပ်လုပ်ခွင့်နဲ့ တခြားလူမှုရေးဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ မလေးရှားအစိုးရ စဉ်းစားနေတဲ့အကြောင်း မြန်မာဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေက VOA ကို ပြောပါတယ်။ မလေးရှားလွှတ်တော်အတွင်း အစိုးရတာဝန်ရှိသူတွေရဲ့ ဆွေးနွေးပြောဆိုချက်တွေကို ကိုးကားပြီး ဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေက ပြောဆိုကြတာပါ။ မလေးရှားအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ကတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထားတဲ့ မလေးရှားနိုင်ငံက ဒုက္ခသည်တွေကို အစိုးရက မကြာခင်မှာ အလုပ်လုပ်ခွင့်ပေးဖို့ စီစဉ်နေကြောင်း မလေးရှားက မြန်မာ ဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ လုပ်သားလိုအပ်ချက် များလာတာကို နိုင်ငံရေးပါတီတချို့က မလေးရှားလွှတ်တော်မှာ တင်ပြခဲ့တာကြောင့် အစိုးရ ဒီကိစ္စကို စဉ်းစားခဲ့တာလို့ မလေးရှား သတင်းတွေက ဒီနေ့ ဖော်ပြခဲ့တာပါ။

ဒုက္ခသည် မြန်မာနိုင်ငံသားတွေထဲက ဘယ်သူတွေကို ဦးစားပေးပြီး အလုပ်လုပ်ခွင့် ပေးမယ်ဆိုတာကို လာမယ့်လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ရှိတယ်လို့ လေးဝတီ ပရဟိတအသင်း တည်ထောင်သူ ဦးသန်းစိန်ထွန်းက VOA ကို ပြောပါတယ်။

"ပထမဆုံး ကျနော်တို့ ၂၀၀၇၊ ၂၀၀၈ တုန်းက UNHCR မလေးရှားနိုင်ငံမှာ ရထားတဲ့ကတ်တွေပေါ့နော်၊ ဒီလူတွေရော ၂၀၁၀ က ရထားသူတွေရော အကုန်လုံး ဒုက္ခသည်ကတ် တရားဝင်ရှိတဲ့သူတွေကို မလေးရှားအစိုးရနဲ့ UNHCR ဆွေးနွေးပြီးတော့ သူတို့ အလုပ်ခန့်အပ်ပေးမှာပေါ့။ အဲလိုသဘောပါ။ ကျန်တဲ့သူက ဘယ်လိုအစီအစဉ် ရှိမယ်ဆိုတာ သူတို့ နောက်အပတ် အစည်းအဝေးမှာပဲ အဖြေထွက်မယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ ကျနော် ၁၃ရက်က UNHCR က ဒုတိယလူကြီးနဲ့ တွေ့ဖြစ်ပါတယ်။ သူတို့ နောက်လာမဲ့ လွှတ်တော်အပတ်ကို သူတို့ စောင့်ဆိုင်းပေးမယ် စောင့်ဆိုင်းပြီးမှ UNHCR က တရားဝင် ကြေညာပေးမယ်လို့ ဒီလိုပြောတာရှိပါတယ်။"

မလေးရှားအစိုးရက လတ်တလောမှာ တရားဝင် မထုတ်ပြန်သေးပေမဲ့ UNHCR အသိအမှတ်ပြုကတ်ကို ကိုင်ဆောင်ထားသူအားလုံး အလုပ်လုပ်ခွင့် ရလိမ့်မယ်လို့ မြန်မာအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

မလေးရှား စားသောက်ဆိုင် လုပ်ငန်းရှင်တွေကတော့ သူတို့လုပ်ငန်းတွေမှာ အလုပ်သမား ပြတ်လပ်နေပြီး လုပ်သားအင်အား ၂၅,၀၀၀ လောက် လိုအပ်နေတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။ စားဖိုဆောင်ကနေ ငွေကိုင်၊ စားပွဲထိုးလို နေရာတွေအထိ လုပ်သား လိုအပ်နေတာလို့ ပြောပါတယ်။ မလေးရှားက UNHCR မှာ မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်း ၁၉၂,၀၀၀ မှာ ရိုဟင်ဂျာက ၆၀ရာခိုင်နှုန်းရှိပါတယ်။ မလေးရှား မွတ်ဆလင် စားသောက်ဆိုင်များ အသင်းကတော့ သူတို့ကို အလုပ်လုပ်ခွင့်ပေးပြီး လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ မလေးရှားအစိုးရကို အကြံပြုထားတာလည်း ရှိပါတယ်။ မြန်မာဒုက္ခသည်တွေ အလုပ်လုပ်ခွင့်ရမယ်ဆိုရင် လောလောဆယ်မှာ အဆင်ပြေသွားနိုင်ကြောင်း ဦးသန်းစိန်ထွန်းက ပြောပါတယ်။

"လိုအပ်တာက ကျနော်တို့ လူမှုကူညီရေး လုပ်နေတဲ့သူ တယောက်ဆိုတော့ ဒီသတင်းကို ကျနော်တို့ ကြိုဆိုပါတယ်။ အကုန်လုံးကို ကြိုဆိုပါတယ်။ မလေးရှားအစိုးရအနေနဲ့ ကျနော်တို့ရဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ပြီးတော့ ဒီလိုလုပ်ပေးတာကို ကျနော်တို့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။"

မလေးရှားက လုပ်ငန်းရှင်တွေကတော့ မြန်မာပဲဖြစ်ဖြစ် ဘယ်နိုင်ငံကလာတဲ့ ဒုက္ခသည်တွေဖြစ်ဖြစ် လက်ခံဖို့အဆင့်သင့်ရှိတယ်လို့ သတင်းဌာနတချို့ကို ပြောပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေက တရားဝင် အလုပ်လုပ်ခွင့်ကို ရထားမယ်ဆိုရင် အစိုးရနဲ့ အလုပ်ရှင်ကြားမှာ ပြဿနာတွေ ရှိလာမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

မလေးရှားနိုင်ံငံဟာ ကုလဒုက္ခသည်များဆိုင်ရာ ၁၉၅၁ ကွန်ဗင်းရှင်းစာချုပ်နဲ့ နောက်ဆက်တွဲ စာချုပ်တွေကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါပေမဲ့မလေးရှားဝန်ကြီးချုပ်ရုံး၊ ဖက်ဒရယ်နယ်မြေများဆိုင်ရာ ဝန်ကြီး Zaliha Mustafa ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလ ၁၂ ရက်မှာ လွှတ်တော်ကို စာရေးပေးပို့ခဲ့တာ ရှိပါတယ်။ ဒုက္ခသည်တွေ တတိယနိုင်ငံကို ရောက်တဲ့အခါ ဒါမှမဟုတ် နေရပ်ကို ပြန်ခွင့်ရတဲ့အချိန်အထိ မလေးရှားအစိုးရက နေထိုင်ခွင့်ပေးထားတယ်လို့ သူကပြောပါတယ်။ UNHCR နဲ့ အစိုးရအသိအမှတ်ပြု ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် ခွင့်ပြုတာ အပါအဝင် လူမှုအထောက်အပံ့တွေ ပိုပေးရေး အဆိုပြုထားတဲ့အကြောင်း ဒါပေမဲ့လည်း အဆိုပြုချက်ကို ပြန်ပြီး စီစစ်နေဆဲ၊ အချောသတ်ရေးဆွဲနေဆဲ ဖြစ်တဲ့အကြောင်း ဝန်ကြီး Zaliha Mustafa က ပြောဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG