သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးသံတမန်ရုံးအကြီးအကဲ မြန်မာ့လူငယ်တော်လှန်ရေးအဖွဲ့တွေနဲ့ အွန်လိုင်းဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံး အကြီးအကဲ အင်ဒိုနီးရှား သံအမတ်ကြီး Ngurah Swajaya
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံး အကြီးအကဲ အင်ဒိုနီးရှား သံအမတ်ကြီး Ngurah Swajaya

ပိုမိုကြီးမားလာနေတဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း မြန်မာ့ လူငယ်တော်လှန်ရေး မဟာမိတ်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

အင်္ဂါနေ့ မနက်ဖြန်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ စတင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံး အကြီးအကဲ အင်ဒိုနီးရှား သံအမတ်ကြီး Ngurah Swajaya (ငုရာ ဆွာယာ) နဲ့ မြန်မာ့တော်လှန်ရေး လူငယ်အဖွဲ့ တွေရဲ့ ကိုယ်စားလှယ် (၂၆) ဦးနဲ့ ဇူလိုင်လ (၃)ရက်နေ့က အွန်လိုင်းဆွေးနွေးပွဲ လုပ်ခဲ့တာပါ။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အာဆီယံလူထုအခြေပြုအဖွဲ့အစည်းဖြစ်တဲ့ Progressive Voice ရှေ့ပြေးအသံရဲ့ ဇူလိုင်လ (၇)ရက်နေ့ ထုတ်ပြန်ချက်မှာ- အလှည့်ကျတာဝန်ယူရတဲ့ အာဆီယံဥက္ကဋ္ဌရာထူးနဲ့အတူ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်သက်တမ်း တနှစ်တခါ ဒေသတွင်းနိုင်ငံအလိုက် ပြောင်းလဲနေတာကြောင့် မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာ ထိရောက်မှုမရှိဖြစ်နေကြောင်း Ngurah Swajaya နဲ့တွေ့ဆုံချိန်မှာ လူငယ်ကိုယ်စားလှယ်တွေက ထောက်ပြခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် နဲ့ ပတ်သက်လို့ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်တွေကို အာဆီယံက ထိထိရောက်ရောက် တားဆီးနိုင်ခြင်းမရှိတဲ့အပေါ် မြန်မာလူငယ်တွေဘက်က စိတ်ပျက်နေကြောင်းလည်း အဲဒီဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြတယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံး အကြီးအကဲ အင်ဒိုနီးရှား သံအမတ်ကြီး Ngurah Swajaya နဲ့ တွေ့ဆုံခဲ့ကြတဲ့ လူငယ်တော်လှန်ရေးအဖွဲ့တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ဖိုရမ်၊ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ အထွေထွေ သပိတ်ကော်မတီ၊ ကရင်နီ တိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့ တို့ ပါဝင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG