မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းက ပြန်လည်ရုန်းထွက်နိုင်တဲ့ စီမံချက်မျိုး မြန်မာစစ်တပ်မှာ မရှိတာကြောင့် မြန်မာ့အရေးကို ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေက သံတမန်ရေးအရ ဖြေရှင်းဖို့ ကြိုးစားနေရတဲ့အကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက VOA ကို ပြောဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ့အရေး အလွတ်သဘောဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပေါ် လေ့လာ သုံးသပ်သူတွေရဲ့ သဘောထားကို VOA က ဆက်သွယ်မေးမြန်းခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အစောပိုင်း၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းဘက်က အစီအစဉ်တွေ စတင်လုပ်ဆောင်တဲ့အချိန်၊ အကျပ်အတည်းက ပြန်ထွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိခဲ့ပေမယ့် မြန်မာ စစ်တပ်ဘက်က ရယူခြင်း မရှိဘူးလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ David Mathieson က VOA ကို ပြောပါတယ်။
မြန်မာစစ်တပ်ဘက်က အဆက်အစပ်ရှိရှိ သံတမန်ရေးအရ အစီအစဉ်ဆွဲတာမျိုး၊ မဟာဗျုဟာတရပ် ချမှတ်လုပ်ကိုင်တာမျိုး မတွေ့ရတဲ့အကြောင်းနဲ့၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အနေနဲ့ နေ့စဉ် ဖြစ်လာတဲ့ အခြေအနေကို မူတည်ပြီး တုံ့ပြန်တာမျိုးပဲ တွေ့နေရတဲ့အကြောင်း သုံးသပ်ထားတာပါ။ မြန်မာ့အရေး ထိုင်းနိုင်ငံက ဦးဆောင်ပြီး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပတာဟာ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက် ဘောင်ကိုကျော်တဲ့ လုပ်ရပ်အဖြစ် အဖွဲ့ဝင်နိုင်ငံတချို့က ရှု့မြင်နေတဲ့အကြောင်းကို မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းကလည်း သုံးသပ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားတဲ့အတွက် အာဆီယံ အလှည့်ကျ အင်ဒိုနီးရှားနိုင်ငံကလည်း ဝေဖန်ထားပေမယ့် ထိုင်းနိုင်ငံဘက်က ခုခံကာကွယ်ပြောနေပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ကတော့ "အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတစ်ခုကို အာဆီယံက လုပ်ချင်တယ်ဆိုရင် နိုင်ငံကို အမှန်တကယ် အုပ်ချုပ်နေတဲ့ အစိုးရတစ်ရပ်မပါဘဲ ဘယ်လိုဖြစ်နိုင်ပါမလဲ။ ထိုင်း ဒုဝန်ကြီးချုပ်ပြောတာ အမှန်တရားပါ။" ဆိုပြီး VOA ကို ပြောတာပါ။ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် ဆွေးနွေးပွဲ မဟုတ်တဲ့အကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဝေဖန်ထားပါတယ်။ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၈၀ ကျော်ကလည်း အစည်းအဝေးကျင်းပတာကို ရှုတ်ချပြစ်တင်ထားပါတယ်။