သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယကတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းဖို့ ဆွီဒင်အစိုးရကို လှုပ်ရှားသူတွေတောင်းဆို


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကားပေါ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်သားတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၅၊ ၂၀၁၃)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကားပေါ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်သားတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၅၊ ၂၀၁၃)

မြန်မာစစ်တပ်ကို အိန္ဒိယက လက်နက်တွေ လတ်တလော ရောင်းချနေတဲ့အပေါ် ဆွီဒင်အစိုးက ဟန့်တားပေးဖို့နဲ့ ဆွီဒင်ကုမ္ပဏီတွေ ဒီဇိုင်းလုပ် ထုတ်လုပ်တဲ့ လက်နက်တွေ အိန္ဒိယကတဆင့် မြန်မာစစ်တပ်လက်ထဲ မရောက်အောင် စုံစမ်းစစ်ဆေး တားမြစ်ဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့က ဆွီဒင်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံထဲမှာ လိုင်စင်ရ ဆွီဒင်ကုမ္ပဏီ Saab Group က ထုတ်လုပ်တဲ့ Carl Gustaf ပခုံးထမ်း မောင်းပြန် ရိုင်ဖယ်တွေ အပါအဝင် ဆွီဒင် ဒီဇိုင်းထုတ် ဖန်တီးတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတချို့ အိန္ဒိယက တဆင့် မြန်မာနိုင်ငံထဲ ရောင်းချတာတွေ ရှိနေတာကို Justice for Myanmar အဖွဲ့က စုံစမ်းသိထားတဲ့အကြောင်းနဲ့ ဒါကို ဟန့်တားဖို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဒီကိစ္စ စုံစမ်းစစ်ဆေး အရေးယူဖို့ ဆွီဒင်လွှတ်တော်ကလည်း နိုင်ငံခြားရေးဝန်ကြီး Tobias Billström ကို တောင်းဆိုထားပါတယ်။ Carl Gustaf မောင်းပြန်ရိုင်ဖယ်တွေကို အိန္ဒိယနိုင်ငံထဲမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေ ကတည်းက တရားဝင်လိုင်စင်နဲ့ ထုတ်လုပ်နေတာ ရှိသလို၊ ဆွီဒင်ကနေ အိန္ဒိယကို တင်ပို့တာတွေ ရှိတဲ့အကြောင်းနဲ့ ဒီအထဲက တချို့ လက်နက်တွေ အိန္ဒိယကတဆင့် မြန်မာနိုင်ငံထဲ ရောက်သွားတာတွေ ရှိတယ်ဆိုတာကို ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Billström က အတည်ပြုထားတဲ့အကြောင်း လည်း Justice for Myanmar အဖွဲ့က ပြောပါတယ်။ အီးယူ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဆွီဒင်အနေနဲ့ မြန်မာစစ်တပ်ကို ခုလို လက်နက်တွေနဲ့ နည်းပညာတွေ တင်ပို့ခွင့် တားမြစ်ထားတာကြောင့် ဆွီဒင်အစိုးရအနေနဲ့ ဒီကိစ္စကို ချက်ချင်း တုံ့ပြန် ဟန့်တားဖို့၊ အိန္ဒိယကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်ဆိုင်းဖို့အပြင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ လိုက်နာရမယ့် သဘောတူညီချက်တွေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်ကို လက်နက် ရောင်းချနေတဲ့ အိန္ဒိယကုမ္ပဏီတွေနဲ့ လုပ်ငန်း ဆိုင်းငံ့ဖို့လည်း Justice for Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ရဲ့ သုတေသန အချက်အလက်တွေအရ အိန္ဒိယဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နဲ့ ရုရှားနိုင်ငံတွေ ပြီးရင် မြန်မာကို လက်နက်အများဆုံးရောင်းချနေတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ လက်နက်တင်သွင်းမှုတွေရဲ့ ၃၆ % က တရုတ်နိုင်ငံက ဖြစ်ပြီး ရုရှားက ၂၇ % နဲ့ အိန္ဒိယက ၁၇ % ရှိတဲ့အကြောင်း SIPRI ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG