သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်သောက်တာ အယူအဆမှားမှုနဲ့ အရက်သောက်များပြီး ရောဂါဖြစ်မှု


Wine
Wine

ဇွန် ၂၉၊ ၂၀၂၃ - ဝိုင် (wine) သောက်တာ ဘယ်လို အယူအဆမှားတတ်ပြီး၊ ဝိုင်နဲ့ တခြားအရက်တွေသောက်တာ ဘယ်လိုပုံမှားသွားနိုင်ပါလဲ။ ဘယ်လို ရောဂါတွေ ဆက်ဖြစ်စေပါလဲ။

ဝိုင်သောက်တာကြောင့် နှလုံးရောဂါ ကာကွယ်ပေးနိုင်တယ်ဆိုတာ တကယ်မဟုတ်ဘဲ၊ အရက်ပမာဏ များသွားတာကြောင့်သာ၊ ရောဂါစုံဖြစ်စေတာလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ဝိုင်သောက်တာကြောင့် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ တချို့ယူဆခဲ့ကြပေမဲ့ တကယ်တမ်းမှာ၊ ဝိုင်သောက်တဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး ရောဂါဖြစ်စေတာကို တွေရှိ့ထားတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။ ဝိုင်သောက်ရာမှာ ထမင်းဟင်းနဲ့တွဲပြီး အရသာ ပိုကောင်းစေသလို ဖြစ်တတ်တာမို့၊ စားရင်းသောက်ရင်း ဝိုင်သောက်တဲ့ ပမာဏများကာ သွေးတွင်း အရက်ပမာဏလည်း တခြားအရက်တွေ (ဝီစကီ၊ ဘီယာ) လို များသွားပြီး အလားတူ ရောဂါတွေ ဖြစ်စေနိုင်တာပါ။ တကယ်တမ်း နှလုံးရောဂါကာကွယ်နိုင်ဖို့က ဝိုင်သောက်မဲ့အစား၊ နှလုံးထိခိုက်စေနိုင်တဲ့ အစားအသောက် (ဥပမာ အဆီနဲ့ ကဆီဓာတ်များတာအပါအဝင်) ရှောင်တာနဲ့ အားကစားလုပ်တာတွေ ပိုလုပ်ပေးသင့်ပါတယ်။

ဝိုင်အပြင် တခြားအရက်တွေသောက်တာလည်း များသွားတာကြောင့် နှလုံးကြွက်သားထိခ်ိုက်မှုရောဂါ (Cardiomyopathy) အပြင်၊ နှလုံးခုန်မမှန်တဲ့ရောဂါ (Arrhythmia/ Atrial Fibrillation) နဲ့ သွေးတိုးရောဂါ (Hypertension) ဖြစ်လာတာကြောင့်ပါ လေဖြတ်တာ (Stroke) အထိ ဆက်ဖြစ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်တဲ့ရောဂါကြောင့် သွေးခဲဖြစ်စေပြီး ဒီသွေးခဲ ဦးနှောက်မှာ သွားပိတ်တာကြောင့် လေဖြတ်နိုင်သလို၊ သွေးတိုးပြီး နှလုံးသွေးကြောပေါက်တာကြောင့်လည်း လေဖြတ်စေနိုင်ပါတယ်။ အခုလို အရက်သောက်များသွားတာ ဖြစ်စေနိုင်ပုံကလည်း မိတ်ဆွေတွေနဲ့ အပတ်စဉ် ပုံမှန်တွေ့ဆုံပွဲတွေမှာ တစ်ခွက်ပြီးတစ်ခွက် မူးအောင် သောက်မိတာနဲ့၊ မိတ်ဆွေတွေမပါဘဲလည်း မိမိအိမ်မှာ ပုံမှန်လို (၃) ခွက်ထက် ပိုသောက်မိတာတွေကြောင့်ပါ။

ဒါ့အပြင် အရက်သောက်များတာကြောင့် ကျောက်ကပ်နဲ့ အသည်းရောဂါမျိုးစုံကိုလည်း ဆက်ဖြစ်စေနိုင်ပါတယ်။ အရက်ကြောင့် ဒီ ကျောက်ကပ်နဲ့ အသည်းက ဆဲလ်တွေကို ပျက်စီးစေပြီး ပုံမှန်လုပ်ငန်း (Function) တွေ ပျက်စီးသွားရတာကနေ ဆက်ဖြစ်ရတာပါ။ ကျောက်ကပ်မှာတော့ အဓိကတာဝန်ဖြစ်တဲ့ အညစ်အကြေးစွန်းထုတ်မှု အားနည်းသွားပြီး ခန္ဓာကိုယ်ထဲ ဒီ အညစ်အကြေးတွေ စုပုံလာစေတာအပြင်၊ အရက်ကြောင့် ဆီးသွားများရေဓာတ်ဆုံးရှုံးမှု (Dehydration) ဖြစ်ကာ ကျောက်ကပ် ပိုထိခိုက်ပြီး၊ သွေးတွင်းအရက်စေးပျစ်မှု ပိုဆက်များပြင်းထန်စေပါတယ်။ ဒီအရက်ပြင်းအားဆက်များမှုကြောင့် သက်ကြီးတွေမှာလည်း ချော်လဲ၊ မူးလဲတာ ဆက်ဖြစ်စေနိုင်ပါတယ်။ အသည်းမှာလည်း အရက်ကြောင့် ဓာတ်ချေဖျက်ထိန်းသိမ်းမှုလုပ်ငန်း (Metabolism) ထိခိုက်ပြီး၊ အသည်းကျုံ.ရေဖျင်းစွဲတာအပြင်၊ အသည်းခြောက်၊ အသည်းကျွတ်တာနဲ့ အသည်းကင်ဆာတွေအထိ ဆိုးဆိုးဝါးဝါး ဆက်ဖြစ်စေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ မျိုးမင်းအောင် ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

XS
SM
MD
LG