သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ဖိစီးမှု လက္ခဏာများ


CORONAVIRUS - TUE AUG 18, 2020
CORONAVIRUS - TUE AUG 18, 2020

မြန်မာနိုင်ငံထဲ အဖြစ်များလာတဲ့ စိတ်ဖိစီးမှု လက္ခဏာထဲ အသက်အန္တရာယ်အထိ ထိခိုက်ဒုက္ခ ရောက်စေနိုင်တာပါတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။ စိတ်ဖိစီးတာ ဖြစ်လာလျှင် လက္ခဏာမျိုးစုံ ပေါ်လာတတ်တာမှာ စိတ်ပိုင်း၊ ကိုယ်ပိုင်း၊ အပြုအမှုပိုင်းအဖြစ် (၃) ပိုင်း ခွဲကြည့်နိုင်ပါတယ်။ ဒီလက္ခဏာတွေထဲ အသက်အန္တရာယ်အထိ ထိခိုက်ဒုက္ခရောက်မှာ အစိုးရိမ်ရဆုံးကတော့ ဒေါသပေါက်ကွဲထွက်တာ (Anger Outburst) နဲ့ အိပ်လို့မရတာ (Sleeplessness) တွေပါ။

စိတ်ဖိစီးမှုရဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေ (Mental Symptoms) က အများကြီးရှိပါတယ်။ ဒီအထဲ အဓိကဖြစ်တာကတော့ စိတ်ပူပန်တာ၊ စိတ်သောကရောက်တာ၊ စိတ်တိုတာ၊ စိတ်မပျှော်တာ၊ စိတ်ဓာတ်ကျတာ၊ တခါတရံ အားငယ်တာ၊ ကြောက်လာတာ၊ အာရုံစိုက် (Focus/Concentration) မရတာ၊ ကြာလာလျှင် မမှတ်မိတော့တာ (နာမည်အပါအဝင်)၊ သတိမေ့တာနဲ့ ဒေါသထွက်တာတွေအထိ ပါဝင်ပါတယ်။

ဒီလက္ခဏာတွေက တစ်ခုချင်းရော၊ တစ်ခုပြီးတစ်ခုရော အားလုံးဆက်စပ်ရောထွေးပြီးရော စိတ်ဖိစီးလာလျှင် ဖြစ်လာတတ်ပါတယ်။ ဥပမာ အခက်အခဲကြုံရချိန်နဲ့ အန္တရာယ်တခုခုကနေ ပုန်းရှောင်နေရချိန် စိတ်ဖိစီးကာ ဝင်ငွေကမကောင်း၊ အလုပ်လည်းရှာမရလျှင်၊ ကိုယ့်ကိုယ်ကို စိတ်အားငယ်တာကနေ ကြောက်လာတာ၊ စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်လာတာပါ။

နောက် စိတ်ဖိစီးမှုရဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လက္ခဏာတွေ (Physical Symptoms) ကလည်း တကိုယ်လုံးမှာ ဖြစ်နိုင်ပါတယ်။ ဒီအထဲ အာခြောက်လာတာ၊ ခေါင်းကိုက်လာတာ၊ ခေါင်းမူးလာတာ၊ တခါတရံ ချွေးပြန်လာတာ၊ ဗိုက်နာသလိုလို ဝမ်းပျက်သလိုလိုဖြစ်တာ၊ ကတုန်ကယင်ဖြစ်တာ၊ လက်တွေတုန်လာတာ၊ အသက်ရှုမြန်လာတာ၊ မအီမသာဖြစ်တာ၊ ပိုဆိုးလာလျှင် ရင်ဘတ်နာတာ၊ တကိုယ်လုံး နာကျင်ကိုက်ခဲလာတာ၊ အိပ်မရတာနဲ့ ဒေါသပေါက်ကွဲပြီး တခုခုလုပ်မိတာတွေအထိ ပါဝင်ပါတယ်။ အထူးသဖြင့် အိပ်မရတာကြောင့် စိတ်ဖိစီးမှုဆက်ပြင်းထန်လာပြီး၊ စိတ်ထောင်းကိုယ်ကျေဖြစ်တာကနေ၊ ဒေါသပေါက်ကွဲထွက်လွယ်ကာ အသက်အန္တရာယ် ရှိနိုင်တာ အလုပ်နဲ့မိသားစုထဲ ဒုက္ခရောက်နိုင်တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

ဥပမာ အမေရိကန်မှာ အဖြစ်များတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်တာအပြင်၊ မော်တော်ယာဉ်ဒေါသတကြီးမောင်းမိတိုက်မိတာ (Road Rage)၊ ပစ္စည်းတွေ ပေါက်ခွဲဖျက်ဆီးမိတာ၊ နံရံကိုလက်သီးနဲ့ ထိုးမိတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရန်ဖြစ်မိတာတွေအထိ ဖြစ်သွားရတာမျိုးပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျနိုင်ငံ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG