သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မူဆိုင်ရာ ကလေးစိတ်ဒဏ်ရာ


စစ်တပ်ကပစ်ခတ်၍ နအေိမ်ထဲတွင် သေဆုံးသွားသည့် ၇ နှစ်အရွယ် မခင်မျိုးချစ်အတွက် ပူဆွေးနေကြသည့် မိသားစုဝင်များ။ မန္တလေး၊ မတ် ၂၄၊ ၂၀၂၁
စစ်တပ်ကပစ်ခတ်၍ နအေိမ်ထဲတွင် သေဆုံးသွားသည့် ၇ နှစ်အရွယ် မခင်မျိုးချစ်အတွက် ပူဆွေးနေကြသည့် မိသားစုဝင်များ။ မန္တလေး၊ မတ် ၂၄၊ ၂၀၂၁
တိုက်ရိုက် လင့်ခ်

စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမူတွေထဲ အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းမူတွေကြောင့်၊ ကလေးတွေလည်း စိတ်ဒဏ်ရာ ရနိုင်တယ်လို့၊ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

လက်နက်ရှိသူတွေက လက်နက်မဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းနေရာမှာ၊ မိဘနဲ့ဆွေမျိုးသားချင်းတွေဆီကတဆင့် ခံစားရတာအပြင်၊ အခြားကလေးငယ်တွေလည်း လမ်းပေါ်မှာရော အိမ်ထဲ၊ မိဘရင်ခွင်ထဲမှာပါ၊ ပစ်သတ်ခံရတာတွေ ရှိလာချိန်မှာ၊ အထူးသဖြင့် တိုက်ရိုက်မျက်ဝါးထင်ထင် ကြုံရတဲ့ ကလေးတချို့လည်း စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။ အခုအကြမ်းဖက်မူတွေက၊ မကြုံစဖူး ကမ္ဘာစစ် (World War) ဖြစ်သလို၊ စစ်မြေတလင်းမှာ ရက်ရက်စက်စက် စစ်ဆင်တာ (Killing Field) မျိုးလို၊ နိုင်ငံအနှံ့မှာ ခံစားနေရတာမို့၊၊ ဒီ လူကြောင့်ဖြစ်ရတဲ့ ကပ်ဘေးမျိုးကနေ၊ ကလေးငယ်တချို့ ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာရနိုင်တာပါလို့၊ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကလေးသူငယ် လူမမယ်အရွယ်သဘာဝအရ၊ လူရောစိတ်ပါ ကြီးထွားဖွံဖြိုးပြီး ယုံကြည်မူရလာဖို့အတွက်၊ မိဘအုပ်ထိန်းသူရဲ့ အနီးကပ် စောင့်ရှောက်မူအပေါ် မှီခိုရလေ့ရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ပြင်းထန်တဲ့ အကြမ်းဖက်မူတွေကြောင့်၊ မိသားစုနဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းကို ထိခိုက်ပျက်စီးစေပြီး၊ ကလေးငယ်တွေရဲ့ မှီခိုအားထားရာကိုပါ၊ စထိခိုက်လာနေပါတယ်။ အထူးသဖြင့် မိဘဆွေမျိုးတွေ ပစ်သတ်၊ နှိပ်စက် ဖမ်းဆီးခံခဲ့ရတာ၊ ငိုယိုပူဆွေး ယူကြုံးမရဖြစ်နေကြတာ၊ ထွက်ပြေးနေရတာ၊ ကလေးတချို့ကိုယ်တိုင်လည်း မိဘတွေနဲ့အတူ လိုက်ပါထွက်ပြေး နေရောပြောင်းရွေ့နေရတာတွေနဲ့ ရင်ဆိုင်လာရကြာင့်၊ ကလေးတွေရဲ့ ဒီမှီခိုရာ ထိခိုက်ပျက်စီးလာတာပါ။ ဒါကြောင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမူထိခိုက်ပျက်စီးသွားစေပြီး၊၊ မိမိကိုယ်ကိုယ် ယုံကြည်မူ ဆုံးရုံးသွားနိုင်ကာ၊ ခန္ဓာကိုယ်ကျန်းမာရေးဆိုင်ရာ (Physical Health)၊ စိတ်ကျန်းမာရေးဆိုင်ရာ (Mental Health) နဲ့ စိတ်ခံစားမူပိုင်းဆိုင်ရာ (Emotional Health) ကြီးထွားဖွံ့ဖြိုးမူ ပြဿနာ တွေကြုံလာနိုင်ပါတယ်။ အညွှန့်တလူလူနဲ့ ကြီးထွားဖွံ့ဖြိုးရမယ့် ကလေးအရွယ်မှာ၊ ဒီစစ်ပွဲတွေရဲ့သဘာဝကြောင့်၊ လူတွေထွက်ပြေးကြရာကာ၊ အစာအဟာရချို့တဲ့မူ၊ နေအိမ်အတည်တကျ မရှိမူ၊ ကျောင်းမတက်နိုင်မူစတာတွေ ခံစားလာရပြီး၊ ကလေးတွေမှာ ကိုယ်ရောစိတ်ပါ အညွန့်ချိုးခံရသလို ဖြစ်သွားနိုင်ပါတယ်။

ဒီနေရာမှာ ကလေးငယ်ကြီးထွားဖွံဖြိုးမူ အရွယ်ကို အဓိက သုံးပိုင်းခွဲပြီး၊ သူတို့ရဲ့ ကြောင့်ကြစိုးရိမ်မူလက္ခဏာတွေကို သတိပြု၊ သိရှိုနိုင်ပါတယ်။ အငယ်ဆုံးအရွယ် (ကျောင်းမတက်ခင်အရွယ် - Pre-School) တွေမှာ ကြောက်လန့်စိတ် ပိုရှိတာကြောင့် မိဘတွေအပေါ်မှာ ပိုတွယ်တာပြီး၊ တွယ်ကပ်နေတာ၊ ညမအိပ်နိုင်ဘဲ လန့်ဖြန့်နေတာတွေ ဖြစ်နိုင်ပါတယ်။ နောက် နည်းနည်းကြီးလာတဲ့ ကျောင်းတက်စအရွယ် (မူကြိုနဲ့ မူလတန်းအရွယ်) တွေမှာတော့၊ အမူအကျင့် (Behavior) စ ပြောင်းလာပြီး၊၊ နဂိုစရလာတဲ့ မိမိအပေါ်မိမိ ယုံကြည်မူ ပြန်ပျက်သွားကာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိးတိုးတက်မူ နောက်ပြန်ဆုတ်သွားတာ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ စိုးရိမ်လွန်မူတာဖြစ်တဲ့ လက်မစုပ်နေတာ၊ မိခင်ကို ပိုတွယ်လာတာ (Clinging Behavior)၊ ကျောင်းသွားဖို့ ငြင်းဆိုလာတာ၊ ညအမှောင်ကိုကြောက်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက် ဒီထက် နည်းနည်ထပ်ကြီးတဲ့ ကလေးတွေမှာတော့၊ တချို့က ဖြစ်လာတဲ့ စိတ်ခံစားမူတွေကို သတိပြု ဖွင့်ပြောလာနိုင်ပေမယ့် တချို့မှာတော့ သတိမပြုမိဘဲ၊ ပြောပြတဲ့အကျင့်လည်း မရှိသေးတာကြောင့်၊ အခြားလက္ခဏာတွေအဖြစ် ခေါင်းကိုက်တာ၊ ဗိုက်နာတာ စတာတွေနဲ့ ပြလာတတ်ပါတယ်။ နောက်ဆုံးကလေးအဆင့်အဖြစ် သတ်မှတ်နိုင်သေးတဲ့၊ လူငယ်လူရွယ် စဝင်လာချိန် ၁၃-၁၄နှစ် (Adolescence) အရွယ်မှာလည်း၊ လိုအပ်တဲ့ အိပ်စက်မူ အနှောက်အယှက် ဖြစ်လာတာ၊ တချို့ကြောက်လန့်ပြီး မအိပ်နိုင်တာ၊ တချို့မှာတော့ အအိပ်လွန်ကဲသွားတာ (တစ်နေ့လုံး တစ်ညလုံးအိပ်နေတာ)၊ စိတ်လူပ်ရှားမူ အလွန်များနေတာ၊ အချင်းချင်း စကားများကြတာ၊ စိတ်ခံစားမူပြင်းထန်ပြီး မတည့်ကြတာ (Emotional Conflict) အပြင်၊ နောက်ဆုံးအဆင့်မှာ စိတ်ထဲခံစားရတာကို မဖွင့်ဟတတ်တာကြောင့်၊ ရုတ်တရက် ဖြစ်လာတဲ့ စိတ်ကိုယ်မထိန်းနိုင်ဘဲ၊ ဆိုးသွမ်းလူငယ်အမူအကျင့် (Delinquent Behavior) လုပ်မိတဲ့အဆင့်ထိ ရောက်သွားကာ၊ မူးယစ်ဆေးနဲ့ အရက်သောက်သုံးလာတာ၊ စွဲသွားတာတွေအထိကို ဖြစ်သွားနိုင်ပါတယ်။

ဒီအကြောင်းအရာ ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။


==Unicode==






XS
SM
MD
LG