ဆန္ဒပြသူတွေ သေကျေရတဲ့အထိ အကြမ်းဖက် ပစ်ခတ်မူတွေကြောင့်၊ ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာကို၊ တစ်ဦးချင်း (သို့မဟုတ်) အုပ်စုတစ်စုချင်း ပြုစုကုသပေးတာတချို့ ရှိတယ်လို့၊ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
အသက်အန္တရာယ် ထိခိုက်တာတွေကနေ၊ စိတ်ဒဏ်ရာရမူ (PTSD – Post Traumatic Stress Disorder) အတွက်၊ အထောက်အကူပြုနိုင်တဲ့ ကုထုံး (Therapeutic) တချို့ ရှိပါတယ်။ အဓိကကတော့၊ အတွင်းစိတ်မှာ ဖြစ်နေတာတွေကို စနစ်တကျ ဖော်ထုတ်ပေးနိုင်ဖို့ ကြိုးပမ်းယူတဲ့နည်းပါ။ ဒီ PTSD လက္ခဏာတွေဖြစ်တဲ့ အရင်အကြမ်းဖက်ခဲ့တာတွေကို ပြန်မြင်ယောင်ကြားယောင်တာ (Flashback) စိုးရိမ်ကြောက်လန့် ကျီးလန့်စာစား ဖြစ်နေတာ၊၊ ညအိပ်မပျှော်တာ (အိမ်မက်ဆိုးမက်တာ)၊ ရင်တုန်တာ၊ စိတ်ဓာတ်ကျတာနဲ့ အမူအကျင့် ပြောင်းလဲပေါက်ကွဲတာ၊ စိတ်အပြောင်းအလဲ မြန်လွန်းတာတွေအတွက်၊ ကြင်နာစွာနဲ့ နားလည်ပေးပြီး၊ သူ့ရဲ့ဒီခံစားချက်မျိုးက၊ ဖြစ်လေ့ဖြစ်ထမျိုးအဖြစ် တရားဝင် အသိအမှတ်ပြုပေးတာ (Validate) လုပ်ပေးသင့်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ (Trauma Counselor, Therapist, Psychiatric, Psychologist) တွေအနေနဲ့၊ အခုလို ခံစားနေရသူ ရင်ထဲက ဖွင့်ပြောချင်တာတွေကို၊ လုံလုံခြုံခြုံ ဖွင့်အံစေနိုင်ဖို့ (Ventilate) လုပ်ဆောင်ပေးတတ်ပါတယ်။ ဒီ ကုထုံးဖြစ်စဉ် (Course of Therapy) ကနေ၊ ခံစားရသူအနေနဲ့ သူ့စိတ်ဆိုး၊ စိတ်ထိခိုက်တာကို ဖြစ်လေ့ဖြစ်ထရှိတာအဖြစ် ခံယူပြီး၊ အပြစ်ကျူးလွန်သူတွေလည်း အပြစ်ခံထိုက်သူတွေအဖြစ် မြင်လာကာ၊ တဖြည်းဖြည်း သက်သာလာနိုင်ပါတယ်။ အကယ်၍ အခုလို ကူညီနားထောင်ဖော်ထုတ်ပေးနိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ အလုံအလောက် မရှိပါကလည်း၊ နီးစပ်သူ၊ မိတ်ဆွေနဲ့ အနားပတ်ဝန်းကျင်က ယုံကြည်ရသူတွေအနေနဲ့၊ နားလည်ညင်သာစွာ သူပြောချင်တာတွေကို၊ ကူညီနားထောင်မျှဝေ ခံစားပေးခြင်းဖြင့်၊ သူ့ခံစားချက်တွေကို ဖော်ထုတ်ပေးနိုင်ပါတယ်။
ဒီနေရာမှာ PTSD စိတ်ဒဏ်ရာနဲ့တွဲပြီး စိတ်ဓာတ်ကျတာ (Depression) လည်း ဖြစ်လာနိုင်တာကို၊ သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။ အရမ်းစိတ်ဓာတ်ကျ ငိုကြွေးနေပြီး၊ ညပိုင်း မအိပ်နိုင်တာ၊ အစားအသောက် မစားတော့တာတွေ ဖြစ်လာ၊ မလာ သတိထား စောင့်ကြည့်သင့်ပါတယ်။ စိတ်ကျလက္ခဏာတွေ ပေါ်လာလျှင်တော့၊ လိုအပ်တဲ့ဆေးတွေ ပေးနိုင်ဖို့ စိတ်ကျန်းမာရေးဆရာဝန် ပြသင့်ပါတယ်။ ဒါ့အပြင် PTSD နဲ့ စိုးရိမ်လွန်မူ (Anxiety) လည်း တွဲဖြစ်လာနိုင်ပါတယ်။ အခုလိုအခြေအနေမှာ ဆရာဝန်မပြဘဲ၊ မိမိဘာသာ စိတ်သက်သာရာရှာတဲ့အနေနဲ့ အိပ်ဆေး၊ အရက်နဲ့ မူးယစ်ဆေးသုံး လမ်းလွှဲဖို့ကြိုးစားတာတွေ ရှိလာနိုင်တာကိုလည်း၊ အထူးသတိပြုဖို့ အရေးကြီးပါတယ်။ အကြောင်းက ဒီ ဆေးနဲ့အရက်ကို စွဲသွားနိုင်လို့ပါ။ ဒါကြောင့် အခုလို အခြားစိတ်ရောဂါတွေနဲ့ တွဲလာချိန်မှာတော့၊၊ စိတ်ရောဂါ ကျွမ်းကျင်သူတွေနဲ့ ပြဖို့လိုလာပါတယ်။ အကယ်၍ အခုလို ကျွမ်းကျင်သူတွေ မရှိလျှင်၊ ဒီ PTSD စိတ်ဒဏ်ရာရောဂါကို ကိုယ့်အရပ်ထဲမှာ လေ့လာထားသူ၊ နားလည်ထားသူအနေနဲ့၊ ကူညီပြုစုနှစ်သိမ့် ဆွေးနွေးပေးပြီး၊ စိတ်ရောဂါကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆေးခန်းနဲ့ ဆေးရုံတွေထံ လိုအပ်လျှင် လွှဲပေးနိုင်ဖို့ ကူပေးသင့်ပါတယ်။
ဒါ့အပြင် ကိုယ့်အရပ်ထဲမှာ၊ အရင်တုံးက PTSD စိတ်ဒဏ်ရာရောဂါ ခံစားခဲ့ရပြီး၊ ပြန်လည်ကောင်းမွန်လာသူတွေအနေနဲ့လည်း ဒီဝေဒနာခံစားနေရသူတွေကို အုပ်စုအသွင်ဖွဲ့ပေးကာ၊ အချင်းချင်း အပြန်အလှန် အတွေ့အကြုံဖလှယ် ပေးနားထောင်စေခြင်း ကုထုံး (Group Therapy) နည်းဖြင့်လည်း၊ မိမိတစ်ဦးထဲ ဖြစ်နေတာအဖြစ် မခံယူတော့ဘဲ၊ အလားတူခံစားရတာအတွက် တခြားသူတွေလည်း ဖြစ်လာတတ်တာသိပြီး၊ သက်သာရာ ရစေနိုင်ပါတယ်။ ဒီနေရာမှာ လူနာဘက်ကလည်း ဒီ စိတ်ဝေဒနာဖြစ်နေတာအတွက်၊ စနစ်တကျ ကုသမူခံယူရေး လက်ခံလုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။ အကြောင်းက မိမိနားလည်သလို သွားလုပ်မိလျှင်၊ ရေရှည် (Chronic) ဖြစ်ပြီး၊ ပိုဆိုးသွားနိုင်တဲ့ အန္တရာယ်ရှိနေလို့ပါ။ ဒါကြောင့် နီးစပ်ရာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးပေးမူ (Community Support) က အရေးပါလာပါတယ်။
တကယ်တော့လဲ အခုမြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေအပေါ်၊ အကြမ်းဖက်မူရဲ့ စိတ်ဒဏ်ရာကို ခံစားနေရတာက၊ တစ်ဦးတစ်ယောက်ထဲ မဟုတ်ဘဲ၊ လူအများမှာမို့၊ ကျွမ်းကျင်သူ အလုံအလောက်ရဖို့ ဘယ်နိုင်ငံမှာမှ မဖြစ်နိုင်ပါဘူး။ မုန်တိုင်းနဲ့ ရေဘေးလို လူအများအပြား သေကျေရတဲ့ ကပ်ဘေးကြီးဒဏ် ကြုံရချိန်လိုမျိုး၊ အများအပြား ခံစားနေရနိုင်လို့ပါ။ ဒီအတွက် Psycho-Social Support (စိတ်ပိုင်း၊ လူမူရေးပိုင်း ပံ့ပိုးပေးမူ) နည်းနဲ့ ပြည်သူတွေအကြား၊ ကိုယ့်အချင်းချင်း ဖေးမစောင့်ရှောက်ပေးတဲ့နည်းနဲ ကုသပေးရလေ့ ရှိပါတယ်။ အခုလို အချင်းချင်း ဝိုင်းကူဆောင်ရွက်ပေးနိုင်လျှင်၊ စောလျှင်စွာ သက်သာမူရစေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ အတွင်းစိတ်ဒဏ်ရာ ပြန်ကျေလည် အနာကျက်သွားဖို့ကတော့၊ သူတို့အပေါ် မတရားကျူးလွန်ခဲ့သူတွေဟာ အပြစ်ဒဏ်ပြန်ခံရမယ်၊ ခံယူသင့်တယ်ဆိုတဲ့ စနစ်မျိုး ပေါ်ပေါက်လာတာကို သိထားလျှင် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ မဟုတ်လျှင်တော့၊ ဒီအတွင်းစိတ်ဒဏ်ရာက မကျေလည်ဘဲ၊ ရေရှည် (Chronic) ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက်၊ လက်ရှိ ကျုးလွန်သူတွေ အပြစ်ဒဏ်မခံရတဲ့စနစ်ကို၊ ဝိုင်းကူညီပြောင်းလဲပေးနိုင်ဖို့က၊ ကျန်တဲ့ပြည်သူတွေမှာ တာဝန်ရှိလာတယ်လို့၊ စိတ်ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က သြစတျေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။
==Unicode==