သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ်ကို AA ဖမ်းဆီးစစ်ဆေးနေ


(ဓါတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
(ဓါတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi / Unicode)

ရခိုင်လက်နက်ကိုင် AAအဖွဲ့က မနေ့ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးသွားခဲ့သူ ၁၀ ဦးထဲက အိန္ဒိယနိုင်ငံသားတဦး အမောဖောက်ပြီး သေဆုံးသွားတယ်လို့ AA အဖွဲ့က ပြောပါတယ်။ အသက်ရှင်ကျန်နေတဲ့ အိန္ဒိယနိုင်ငံသား (၅)ဦးနဲ့ စကားပြန်အပါဝင် (၉)ဦးကို ဒီနေ့မနက်မှာ ပြန်လည် လွှတ်ပေးလိုက်ပေမယ့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ပြန်လွတ်မပေးသေးဘူးလို့ တပ်မတော်ဘက်ကရော AA အဖွဲ့ တာဝန်ရှိသူတွေပါ ပြောပါတယ်။ ဦးဝှေ့တင်းကို သွေးထိုးလှုံဆော်မှုနဲ့ဆက်လက်စစ်ဆေးသွားမယ်လို့ AA ဘက်က ဆိုပါတယ်။ မြန်မာနဲ့ အိန္ဒိယအစိုးရတို့အကြားက အကျိုးတူလုပ်ငန်းတွေကို ဆောင်ရွက်နေစဉ် အိန္ဒိယလူမျိုုးတွေ အဖမ်းဆီးခံရတာနဲ့ သေဆုံးမှုတွေရှိလာတာကြောင့် ဒေသဖွံ့ဖြိုးရေးအပြင် သံတမန်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ထိခိုက်မှု တွေရှိလာနိုင်တယ်လို့ပြောဆိုမှုတွေရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက်နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါဝင် အိန္ဒိယနိုင်ငံ ကုမ္ပဏီက ၅ ဦး၊ စကားပြန် နှစ်ဦးနဲ့လှေသမားနှစ်ဦးကို မနေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးသွားရာမှာ ဒီမနက်မှာ တချို့ကိုပြန် လွှတ်ပေး ခဲ့ပေမဲ့အိန္ဒိယလုပ်ငန်းရှင် တဦးသေဆုံးသွားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“မနေ့က ပလက်ဝနေပြီးတော့က ကျောက်တော်ကို ထွက်လာတဲ့အဖွဲ့တွေပေါ့။ အဲဒီမှာက အိန္ဒိယမြန်မာ မီဇိုရမ်ကားလမ်း ဖောက်လုပ်ရေးဆောင်ရွက်နေတဲ့ EPIကုမ္ပဏီက အိန္ဒိယနိုင်ငံသား နှစ်ယောက်။ RPP ကုမ္ပဏီက အိန္ဒိယနိုင်ငံသား ၃ ယောက် စကားပြန် ၂ ယောက် စက်လှေမောင်းသမား ၂ ယောက်။ နောက်ချင်းပြည်နယ်အမတ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်က တယောက်။ ၁၀ ယောက်ကို ပလက်ဝကနေစစ်တွေကို ထွက်လာတဲ့ စပိစ်ဘုတ်နဲ့ ထွက်လာတာကို နေ့လယ် ၂ နာရီလောက်မှာ ကျောက်တော်ကိုရောက်ရှိလာတာမရှိတဲ့အတွက် ဆက်သွယ်ပြီးစုံစမ်းနေတယ်။ စုံစမ်းတဲ့ အခါမှာတော့ ကျွန်တော်တို့ ပျောက်ဆုံးကြောင်းသိရတယ်။ သူတို့ကတော့ အဲဒီနေ့မနက်မှာပဲ ကျောက်တန်းကျေးရွာမှာ AAအဖွဲ့ကနေ ပြီးတော့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ သိရတယ်။ AA ၇ ယောက်လောက်က သေနတ်ဖောက်ပြီး ထွက်တားတယ်။ လောင်းလှေနဲ့အောက်ဘက်ကရွာတရွာကိုခေါ်သွားပြီး အနောက်ဘက်ကို ခြေလျှင်ခရီးခေါ်သွားတယ် ပြော တယ်။ ၂ နာရီခွဲလောက်ကြာတဲ့အချိန်မှာ အိန္ဒိယနိုင်ငံသားတဦး အမောဖောက်ပြီးသေတယ်။ သေဆုံးသွားတဲ့အတွက် ကြောင့်မို့ လို့ လွှတ်တော်ကိုယ်စားလှယ် ကိုတော့ သူတို့ခေါ်ထားတယ်။ ကျန်တဲ့သူတွေပြန်လွှတ်ပေးလိုက်ပြီးကြားတယ်။ ကျောက်တော်ကိုတော့ မနက် ၈ နာရီရောက်တယ်လို့သိရတယ်။ အဲလွှတ်တော်ကိုယ်စားလှယ်ကတော့ ဖမ်းထားတုန်းပေါ့။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော် ကနေ ဆက်လက်လုပ် ဆောင်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

ရခိုင်လက်နက်ကိုင်AAအဖွဲ့ကတော့ လုံခြုံရေးအရ စစ်ဆေးမေးမြန်းတာဖြစ်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုသာ ဆက်လက်ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကို ဒီနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

“ကျွန်တော်တို့တော့ အိန္ဒိယနိုင်ငံသားတွေနဲ့ပက်သက်ပြီးတော့ ဘာမှတော့ ထွေထွေထူးထူး ကိစ္စမရှိသလို ပြောစရာလည်းမရှိပါဘူး ဆိုတော့ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ မနေ့ကညနေကတည်းက ပြန်လွှတ်ပေးဖို့လုပ်တာ။ ဒါပေမဲ့လို့ ညမိုးချုပ် သွားတဲ့ အခါကျတော့ လမ်းခရီးမှာ သူတို့ဗမာစစ်တပ်ထုတ်ထားတဲ့ ပုဒ်မ(၁၄၄)ကို သူတို့ဖြတ်ကျော် ရမယ်ဆိုတော့ လုံခြုံရေး အရတခုခုဖြစ်သွားလို့ရှိရင် ဒါမကောင်းဘူးဆိုပြီးတော့ ကျွန်တော်တို့ ဒီမနက်မှာမှပဲ အိန္ဒိယနိုင်ငံသားတွေရော စကား ပြန်နှစ်ယောက်ရော နောက်စက်လှေမောင်းသူနှစ်ယောက်ပေါ့နော် (၉)ယောက်လုံးကျွန်တော်တို့ ပြန်လွှတ်ပေးလိုက်တာ ပေါ့နော်။ အဲဒီမှာစိတ်မကောင်းစရာတခုကတော့ အိန္ဒိယနိုင်ငံသား(၅)ဦးထဲက အသက်(၆၁)နှစ်ရှိတဲ့ သူ့ဟာသူ အမော ဖောက်ပြီးတော့ အဲဒီမှာဆုံးသွားတာရှိတယ်ဗျ။ ကျွန်တော်တို့ဆေးမှူးတွေကတော့ ကယ်တင်နိုင်ဖို့အတွက် အများကြီး လုပ်တာပေါ့နော်။ ဒါပေမဲ့လို့သူကအချိန်တို အတွင်းမှာ ဆုံးသွားတာ။ ဦးဝှေ့တင်းကိုတော့ ကျွန်တော်တို့ဆက်ပြီးတော့ ထိန်းသိမ်းထား တာရှိ တယ်ဗျ။"

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားတဲ့ အကြောင်းရင်းကိုတော့ AAပြောခွင့်ရ ခိုင်သုခကအခုလိုဆက်ပြောပါတယ်။

“ဦးဝှေ့တင်းဟာ ပလက်ဝမြို့နယ်ထဲမှာ အဓိက လူဦးရေအများဆုံးဖြစ်တဲ့ ရခိုင်နဲ့ ခမီးလူမျိုးတွေ ကြားမှာပေါ့နော်။ ဘာသာရေးလူမျိုးရေး အမုန်းတရားတွေပွားလာအောင်နေပြီးတော့မှ ခမီးလူငယ်တွေကို သွေးထိုးလှုံ့ဆော်ပြီးတော့မှာ လုပ်နေတာတွေရှိတယ်။ ဦးဝှေ့တင်းဟာ ဗမာစစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ခမီးလူငယ်တချို့ကို AAရဲ့သတင်းတွေကို စုံစမ်းဖို့အတွက် တာဝန်ပေးပြီးတော့ လုပ်နေတာရှိတယ်။ ကျွန်တော်တို့က လုံခြုံရေးအရ ဆက်ပြီးတော့စစ်ဆေးသွားဖို့ အတွက်တော့ရှိတယ်ဗျ။”

မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံအစိုးရတို့ပူးပေါင်းပြီး ကုလားတန်စီမံကိန်းအတွက် လုပ်ဆောင်ရာမှာ အိန္ဒိယ-မြန်မာ-မီဇိုရမ် ကားလမ်းဟာလည်း အရေးပါနေပါတယ်။ အိန္ဒိယနိုင်ငံသားတွေဟာ ပလက်ဝလမ်းကိုကြည့်ရှုရာကနေ အဖမ်းခံရတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

“ဒီကုမ္ပဏီတွေက ရန်ကုန်ကနေ ပြီးတော့ စစ်တွေ ကျောက်တော်၊ ပလက်ဝလမ်းအတိုင်း ပလက်ဝဒီလမ်းကို သွားကြည့် တယ်လေ။ ကြည့်ပြီးလို့အစည်းဝေးတွေပြီးလို့ သူတို့ပလက်၀ ကနေပြီးတော့ ပြန်ပြီးတော့ကျောက်တော်-စစ်တွေ-ရန်ကုန် လမ်းအပြန်မှာ ပလက်ဝနဲ့ ကျောက်တော်ဘက်မှာ အဖမ်းခံရတာ။”

ဒီဖြစ်စဉ်မှာ အိန္ဒိယလူမျိုုးတွေ အဖမ်းဆီးခံရတာအပြင် အသက်ဆုံးရှုံးမှုပါ ဖြစ်သွားခဲ့တာကြောင့် ဒေသဖွံ့ဖြိုးရေးနဲ့ နိုင်ငံရဲ့သံတမန် ရေးဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွ့ဲ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

“ကျွန်တော်တို့ ပြည်တွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဲဒီအကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဟာတွေရော ထိခိုက်စေတာပေါ့။နောက်တခုကတော့ နှစ်နိုင်ငံပေါ့ နိုင်ငံခြားဆက်ဆံရေး နဲ့ပတ်သက်လာလို့လည်း သူတို့ နိုင်ငံသားတယောက် အသက်ဆုံးရှုံးရတယ်ဆိုတော့ ဟိုဘက်ကလည်း အိန္ဒိယဘက်ကလည်း ကျွန်တော်တို့ဆီကို စုံစမ်းမေးမြန်းမှုတွေပြုလုပ်မှာပဲ။”

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဌာနရဲ့ သဘောထားကို သိရှိနိုင်ဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့မတ်လ (၁၆)ရက်နေ့တုန်းက ကုလားတန်းမြစ်ကူးတံတားအတွက် အသုံးပြုဖို့ ရန်ကုန်ကနေ သင်္ဘောနဲ့ တင်ဆောင်လာတဲ့ တံတားသံဘောင်တန်ချိန် (၃၀၀) နီးပါးကို AAအဖွဲ့ကနေ မီးရှို့ဖျက်စီးခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AAတို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေ ရှိနေပါတယ်။ ဒီလို စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း တဘက်နဲ့တဘက် အပြန်အလှန် ဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေအပါဝင် ခရီးသွားတွေအတွက် လုံခြုံရေး စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

လွှတ်တော်အမတ်ကို AA ဖမ်းဆီးစစ်ဆေးနေ
please wait

No media source currently available

0:00 0:04:59 0:00
တိုက်ရိုက် လင့်ခ်


....................


( Unicode)


XS
SM
MD
LG