သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမှာ လက်နက်ကြီးကျလို့ မိသားစုဝင်သုံးဦး ဒဏ်ရာရ


မြောက်ဦးမြို့မြေပုံ
မြောက်ဦးမြို့မြေပုံ

(Zawgyi/Unicode)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအတွင်းက အိမ်ခြံဝင်းတစ်ခုအတွင်းကို ဒီကနေ့ နေ့လည် ၁၂နာရီေလောက်က လက်နက်ကြီးကျရောက်ခဲ့တာကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်မနေပေမယ့်လည်း အခုကျခဲ့တဲ့ကျည်ဟာ စစ်တပ်က ပစ်လိုက်တဲ့ကျည်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေအကြားက တိုက်ပွဲတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ မကြာခဏ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာတွေ ဖြစ်ပေါ်နေတာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

မြောက်ဦးမြို့နယ်အနီးဝန်းကျင်မှာ အရက်ပိုင်းတွေက AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ နှစ်ဘက် ပစ်ခိုက်တိုက်ခိုက်မှုတွေ ရှိမနေပါဘူး။ ဒါပေမယ့် ဒီကနေ့ နေ့လည်ပိုင်းမှာတော့ တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တာပါ။

အခုလို လက်နက်ကြီးကျည် ကျခဲ့တာနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အခုလို ရှင်းပြပါတယ်။

"ဟုတ်ကဲ့ ဒီနေ့ ၁၂ နာရီလောက်မှာ မြောက်ဦးမြို့ရဲ့ အရှေ့ဖက် ကျောင်းတောင် ကျေးရွာမှာ အမြောက်ကျည် ကျပြီးတော့ မထွေးလေး ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ပေါ့နော် အသက်က ၃၄နှစ် အဲဒီအမျိုးရဲ့ ဘယ်ဖက်ပေါင်ကို အမြောက်ဆံ ထိတယ်ဗျာ။ အခု မထွေးလေးကိုတော့ မြောက်ဦးဆေးရုံကို ခေါ်သွားပါပြီ ခင်ဗျာ။"

အခုဒဏ်ရာရသွားသူတွေဟာ မိသားစုတခု ထဲကဖြစ်ပြီး ဖခင်၊ မိခင်နဲ့ သမီးငယ် တဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင် ၃ဦးဟာ မြောက်ဦးမြို့နယ် ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး အဲဒီထဲက ဇနီးသည် မထွေးလေး အခြေအနေဟာ စိုးရိမ်ရတယ်လို့ ကိုယ်တိုင်လည်း ဒဏ်ရာခဲ့တဲ့ ခင်ပွန်းက VOAကို အခုလို ပြောပါတယ်။
" ကျွန်တော်တို့ ကအိမ်မှာ ထမင်းစားဖို့ လုပ်နေကြတာ အဲဒီအချိန်မှာလက်နက်ကြီးကျတယ် ကျနော်ရော ကျနော့်သားလေးရော သုံးယောက်လုံး ဒဏ်ရာရတယ်။ ကျနော့်ဇနီးရဲ့ ဒဏ်ရာကတော့ များတယ် သူကစိုး ရိမ်ရပါတယ် "

အခုလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ကျောင်းတောင် ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ တိုက်ပွဲလည်း မဖြစ်ပဲ မြောက်ဦးက အမြောက် တစ်ဗုန်းဗုန်း ပစ်နေပြီးတော့ မြောက်မြို့နယ် ကျောင်းတောင် ပန်းမြောင်းနဲ့ ဆိုရင် နှစ်မိုင်လောက်ကွာတယ်။ ကျောင်းတောင်ရွာ သားတွေ လည်း အကုန်လုံးထွက်ပြေးနေကြတယ် ဟိုပြေး ဒီပြေးနဲ့။"

အခု လက်နက်ကြီးကျည် ကျခဲ့တဲ့ဒေသမှာ ဒီကနေ့ တိုက်ပွဲတွေ မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က VOA ကို အတည်ပြု ပြောဆိုပါတယ်။

"ထိတွေ့မှု အခြေအနေကတော့ ကျနော်တို့ မြောက်ဦးဖက်မှာ အနည်းငယ်ရှိပါတယ်။ ကျန်တဲ့နေရာမှာတော့ မရှိပါဘူး မြောက်ဦးရဲ့ အရှေ့ဖက်အခြမ်းပေါ့။ မနေ့ကပါ၊ ဒီနေ့တော့မရှိပါဘူး။"

ဒါပေမယ့် လွန်ခဲ့တဲ့ ရကပ်တွေအတွင်းမှာတော့ မြောက်ဦးမြို့နယ်နဲ့ ပုံဏ္ဏားကျွန်းမြို့နယ်တွေမှာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ AAပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

" တိုက်ပွဲကတော့ မနေ့ကတော့ ပုဏ္ဏားကျွန်းမြို့နယ် အောင်မပြေ ရွာရဲ့ မြောက်ဖက် ၊ တောမဲချောင်းလား အဲဒီဖက်မှာဖြစ်တာရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ဖက်ကတော့ အထိအခိုက်အကျအဆုံးတွေရှိတယ်။ မင်းပြားမှာ ပန်းပြောင်းဖက်မှာတော့ မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျောက် ပစ်နေတာရှိတယ်။ ပြီးရင် ကျောက်တော်ကန်စောက်မှာရှိတဲ့ ခမ ၅၃၉ အဲဒီကနေပြီးတော့ ယိုးချောင်းဖျား အနောက်ဖက်ခြမ်းတွေကို သူတို့အမြဲတမ်း လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေရှိတယ်။ "

လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးသူ ၉၀ ဝန်းကျင်နဲ့ ထိခိုက် ဒဏ်ရာရသူ ၁၂၀ ကျော်လောက် ရှိခဲ့ပြီး ဖမ်းစီးခံရသူ ၂၀၀ နီးပါး ရှိနေတာလည်း ဖြစ်ပါတယ်။

.....................


(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG