Zawgyi/Unicode
တရုတ်အမျိုးသား သီချင်းကို မလေးမစား လုပ်ရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်မယ့် အဆိုမူကြမ်းကို အတည်ပြု နိုင်ဖို့ ဦးစားပေး လုပ်ဆောင်သွားမယ် လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ပြောပါတယ်။ အဲဒီ အဆိုမူကြမ်းအရ တရုတ်အမျိုးသား သီချင်းကို ကြော်ငြာ တွေမှာ သုံးစွဲတာ ဒါမှမဟုတ် အော်ဟစ် လှောင်ပြောင်တာနဲ့ တစ်ခြားနည်းတွေနဲ့ စော်ကားမယ် ဆိုရင် ထောင် ဒဏ် ၃ နှစ်ကျခံရနိုင်ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၀၀၀ အထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဟောင်ကောင်က ဘောလုံးပွဲတွေမှာ တရုတ်အမျိုးသား သီချင်းသံကြားရင် ပရိသတ်တွေက အမြဲ လှောင်ပြောင် အော်ဟစ်နေတာကို တားဆီးဖို့ မနှစ်ကတည်းက ဒီ ဥပဒေမူကြမ်းကို အဆိုပြုခဲ့တာပါ။
အဆိုမူကြမ်းတွေကို သတ်မှတ်ပြီး မဲပေးအတည်ပြု မပြု အဆုံးအဖြတ်ပေးနိုင်တဲ့ ကော်မတီကို တရုတ်ပြည်မကြီးကို လိုလားတဲ့ အမတ် Starry Lee ဦးဆောင်လာခဲ့တဲ့နောက်ပိုင်း ဒီ ဥပဒေ မူကြမ်းကို ဦးစားပေးအဆင့် သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီကော်မတီ ကို အရင်က ဒီမိုကရေစီ လိုလားတဲ့အမတ် Dennis Kwok က ဒုဥက္ကဌအဖြစ် လပေါင်းအတော်ကြာ ဦးဆောင်နေခဲ့တာဖြစ်ပြီး သူဟာ အဆိုမူကြမ်း တော်တော်များများကို ပိတ်ဆို့ထားတယ်ဆိုပြီး တရုတ်ပြည်မကြီးရဲ့ ဝေဖန်မှုကို ခံထားရသူလည်း ဖြစ်ပါတယ်။
ဒီအဆိုမူကြမ်းကြောင့် ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ပြန်ပြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက ဆန္ဒပြပွဲတွေက တရုတ်ပြည်မကြီးကို ရာဇဝတ်သား လွှဲပြောင်းပေးနိုင်တဲ့ အဆိုမူကြမ်းအပေါ် မကျေမနပ် ဖြစ်ရာကနေ စတင် ဖြစ်ပွားခဲ့တာပါ။
၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံလက်အောက်ကနေ လွှဲပြောင်းရယူပြီးကတည်းက ဟောင်ကောင်ဟာ တစ်နိုင်ငံ စနစ်၂ မျိုးမူအရ ကိုယ်ပိုင် လွတ်လပ်ခွင့် မြင့်မြင့်မားမား ရရှိထားတာပါ။ ဒါပေမဲ့ တရုတ် ဗဟိုအစိုးရက ဟောင်ကောင်အရေးတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ပိုပြီးတိုး လုပ်လာတာကြောင့် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ တစ်စတစ်စ ဆုံးရှုံးလာတာကို ဟောင်ကောင်သားတွေ စိုးရိမ်နေကြပါတယ်။
[Unicode]