သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျမှု ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်း


ဖားကန့်ကျောက်စိမ်းတွင်းနွံကန်ပြိုကျတဲ့မြင်ကွင်း ယခင်မှတ်တမ်းဓာတ်ပုံ (မတ် ၁၂၊ ၂၀၂၄)
ဖားကန့်ကျောက်စိမ်းတွင်းနွံကန်ပြိုကျတဲ့မြင်ကွင်း ယခင်မှတ်တမ်းဓာတ်ပုံ (မတ် ၁၂၊ ၂၀၂၄)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျမှုမှာ အလောင်း ၃၂ လောင်းကို တွေ့ရှိခဲ့ပြီး ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။ နွံကန်ပြိုကျရာမှာ လူ ရာနဲ့ချီသေဆုံးနိုင်ကြောင်း ဒေသခံတွေကခန့်မှန်းကြပေမဲ့ စာရင်းအတိအကျရဖို့ ခက်ခဲကြောင်းလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။​

ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုက စပေါ့ကျေးရွာ နွံကန်ပြိုကျတာကြောင့် လူနေအိမ် ၅၀ လောက် နစ်မြုပ်သွားပြီး လူအများအပြားပျောက်ဆုံးခဲ့တာပါ။

ပျောက်ဆုံးနေသူတွေကို ၃ ရက်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီးနောက် မနေ့ ၁၅ ရက်နေ့ ညနေပိုင်းအထိ အလောင်း ၃၂ လောင်းကို တွေ့ခဲ့ပါတယ်။ အခု တော့ ရှာဖွေ‌ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီလို့ ဖားကန့်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဖားကန့်ရဲ့နောက်ဆုံးအခြေအနေက မနေ့ကတုန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေ နားပစ်လိုက်တာပေါ့။ သေ ဆုံးတဲ့သူကတော့ အားလုံးပေါင်း ၃၁ ယောက်ပေါ့။ ဆေးရုံရောက်ပြီး သေသွားတဲ့သူနဲ့ဆို ၃၂ ယောက်ပေါ့။”

နွံကန်ပြိုကျတဲ့အတွက် ပျောက်ဆုံးနေတဲ့သူ ၁၅၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်းပေမဲ့ စာရင်းအတိအကျရရှိဖို့ ခက်ခဲကြောင်း လည်း ပြောပါတယ်။

“ဖားကန့်မှာက မြေပြိုလိုက်လို့ရှိရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အစအဆုံးမလုပ်နိုင်တဲ့ ပြဿနာက စာရင်းမရနိုင်ဘူး။ နောက်တချက်ကကျတော့ သေဆုံးသွားပြီဆိုလို့ရှိရင်လည်း ကျနော်တို့အိမ်က လူ ဘယ် နှစ်ယောက်ပါသွားတယ် ဆိုပြီးတော့ စာရင်းမပေးကြဘူး။ ဒီလုပ်ငန်းရှင် ရေမဆေးလောပန်းတွေက သူ့အိမ်ကတော့ ဘယ်နှစ်ယောက်ပါသွားပြီပေါ့။ ဂရုတစိုက်လာပြီး စာရင်းပေးတာမျိုး မလုပ်တာတကြောင်း၊ နောက်တခါ ဟိုတစု၊ ဒီတစု လာရှာကြတဲ့လူအုပ်စုကြီးက အုပ်စုလိုက်ပါသွားရင် ပြီးပြီလေ။ ဘယ်ရောက် သွားမှန်း မသိဘူး။ ဘယ်သူကမှလည်း ဒါကို အရေးစိုက်ပြီး မလုပ်တဲ့အခါကျတော့ စာရင်းမရနိုင်ဘူး။”

နွံအောက်နစ်မြုပ်ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့လုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့ အခြေအနေကိုလည်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“နွံကန်ဆိုတာက ကျောက်တွင်းအဟောင်းထဲကို ဝင်နေတဲ့ ရေနဲ့ နောက်ကျင်းထဲက တူးတဲ့မြေကြီးနဲ့ ရောပြီးတော့မှ နွံပေါ့နော်။ သူက စုပ်လို့လည်း မရဘူး။ ကော်လို့လည်း မရဘူး။ အခြေအနေက။ စုပ်လို့လည်းမရဘူး၊ ကော်လို့လည်း မရဘူးဆိုတဲ့အခါကျတော့ လူနေအိမ်တွေနဲ့ လမ်းမကြီးကိုပဲ ဖော်လိုက်တာပေါ့။ ကျန်တဲ့ဟာတွေကတော့ ဒီတိုင်းပဲ အခြောက်ခံပြီးတော့ ထားရမယ့်ပုံစံမျိုး ဖြစ်တာပေါ့နော်။ အဲတော့ လမ်းမကြီးလောက်ပဲ ရှင်းပြီးတော့မှ နားပစ်လိုက်တာ။”

ဖားကန့်ဒေသမှာ လူအသေအပျောက်များရတဲ့ဖြစ်စဉ်တွေဟာ မြေစာပုံပြိုကျတာနဲ့ နွံကန်ပေါက်ကျတာတွေ ကြောင့် ဖြစ်ပွားလေ့ရှိတာပါ။ ဒီလို သေဆုံးမှုတွေဖြစ်တိုင်း အပြီးတိုင်ရှင်းလင်းဖယ်ရှားပြီး ရှာဖွေဖို့ အခက်အခဲတွေ ရှိနေပါတယ်။

၂၀၂၀ခုနှစ် ဇူလိုင်လဆန်းက ဝေခါရွာအနီး မြေပြိုတာကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့သလို ၂၀၁၉ ခုနှစ် ဧပြီလက မော်ဝမ်းကလေးရွာ နွံကန်ကျိုးပေါက်တဲ့အတွက် ၅၄ ယောက်လုံး သေဆုံးခဲ့ ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG