သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှုမှာ သေဆုံးသူ အလောင်း ၂၀ ကျော် ရှာဖွေတွေ့ရှိ


သေဆုံးသူ ၂၀ ဝန်းကျင်ရှာတွေ့ထားတဲ့ ဖားကန့်မြေစာပုံပြိုကျတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (သြဂုတ် ၁၅၊ ၂၀၂၃)
သေဆုံးသူ ၂၀ ဝန်းကျင်ရှာတွေ့ထားတဲ့ ဖားကန့်မြေစာပုံပြိုကျတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (သြဂုတ် ၁၅၊ ၂၀၂၃)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တခု တနင်္လာနေ့က နွံကန်ပြိုကျတာကြောင့် အိမ်ခြေ ၅၀ ကျော် နစ်မြုပ်ခဲ့ပြီး လူအများပျောက်ဆုံးနေရာမှာ ဒီကနေ့မနက် အထိ ရုပ်အလောင်း ၂၀ ကျော်ကို ထပ်မံတွေ့ရှိထားပါတယ်။ ဒေသခံတွေကတော့ ပျောက်ဆုံးနေတဲ့သူ ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပေမဲ့ ထပ်မံတွေ့ရှိဖို့ ခက်ခဲနိုင်တယ်လို့လည်း ပြောပါတယ်။ ဖားကန့်က နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုက စပေါ့ကျေးရွာ နွံကန်ပြိုကျတာကြောင့် တနင်္လာနေ့က လူနေ အိမ် ၅၀ ခန့် နစ်မြုပ်သွားပြီး လူအများအပြားပျောက်ဆုံးခဲ့တာပါ။ အခင်းဖြစ်ပွားခဲ့တဲ့ တနင်္လာနေ့က ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာမှာ ကနဦး ရုပ်အလောင်း ၈ လောင်းတွေ့ရှိခဲ့ပါတယ်။

ဒီနေ့မနက်အထိ ရုပ်အလောင်း ၂၃ လောင်း တွေ့ရှိထားကြောင်း ဖားကန့်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“၂၃ လောင်းတော့ ဖော်တယ်လို့ ကြားတယ်။ ဒီမနက်။ ပျောက်ဆုံးတာ အိမ်ခြေတောင် ၅၀ ဆိုတော့ အနည်းဆုံး ကတော့ ကျနော်ထင်တာတော့ ၂၀၀- ၂၅၀ ဝန်းကျင် အဲလောက်တော့ ရှိမယ်နော။ ကျနော် ခန့်မှန်းတာ ပေါ့နော။ ဒါပေမဲ့ အဲဒီရွာခံတွေ ပြောနေတာတော့ ၁၀၀- ၁၅၀ ကြားမှာ ရှိတယ်လို့ ပြောတာပဲ။”

လောလောဆယ်မှာတော့ နွံနစ်ပြီး ပျောက်ဆုံးနေသူတွေကို ဖားကန့်မြို့နယ်က နာရေးကူညီမှု အသင်းတွေက စုပေါင်းပြီး ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။ အခြားဒေသကို ရောက်ရှိနေတဲ့ ဖားကန့်မြို့ခံတဦးကလည်း သေဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိတဲ့ အခြေအနေနဲ့ ပျောက်ဆုံးနေတဲ့သူတွေ အတိအကျ ခန့်မှန်းဖို့ ခက်ခဲတဲ့အကြောင်း ပြောပါတယ်။

“အခု သူတို့ နွံတွေထဲကနေ ဖော်ရတာတော့ ၂၀ လောက်တော့ ရတယ်။ ဒီကနေ့အထိ သိရတာကတော့။ ပျောက်နေတာ ခန့်မှန်းတာတော့ သူတို့ကတော့ အနည်းဆုံး တအိမ်ကိုတော့ ၃ ယောက်လောက်တော့ ရှိနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ခန့်မှန်းကြတယ်။ အတိအကျ အဲလိုကလည်း မသိထားသေးဘူး။ အိမ်ခြေကတော့ ၅၀ ကျော်၊ ၆၀ နီးနီး အဲလိုတွေတော့ ခန့်မှန်းထားကြတာပဲ။”

ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်တွေမှာ နွံကန်ပေါက်ကျတာနဲ့ မြေပြိုကျတာတွေ မကြာခန ဖြစ်ပွားလေ့ရှိပြီး ဖြစ်စဉ်တိုင်းမှာ လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လဆန်းက ဝေခါရွာအနီး မြေပြိုမှုမှာတော့ လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး ဒီ သေဆုံးမှုဟာ ဖားကန်မြို့နယ်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလမှာတော့ မော်ဝမ်းကလေးရွာ နွံကန်ကျိုးပေါက်မှုမှာတော့ ၅၄ ဦးခန့် သေဆုံးခဲ့ရပါတယ်။

ဝေခါရွာမြေပြိုမှုမှာတော့ သေဆုံးသူတွေဟာ တောင်ကမ်းပါးယံက ရေကန်အတွင်း ပြိုကျပြီး ရေလှိုင်းရိုက်တာကြောင့် ကျောက်တူးသူနဲ့ ရေမဆေးကျောက်ရှာသူတွေ ရေကန်အတွင်း ရေနစ် သေဆုံးခဲ့ကြတာပါ။ ဒီဖြစ်စဉ်မှာ သေဆုံးသူရုပ်အလောင်းတွေဟာ ရေကန်မှာ ပြန်ပေါ်လာလို့ ရှာဖွေရလွယ်ပေမဲ့ နွံကန်ကျိုးပေါက်ပြီး နွံအောက်ရောက်သွားသူတွေကိုတော့ ရှာဖွေဖို့ ခက်ခဲနိုင် ကြောင်း သုံးသပ်တာတွေ ရှိပါတယ်။

သဘာပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတွေက ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေ သုံးပြီး ကျောက်စိမ်းအလွန်အကျွံတူးဖော်တာနဲ့ ထွက်လာတဲ့မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာတွေကြောင့် အခုလို လူအသေအပျောက်များနေရကြောင်း ထောက်ပြတာတွေ ရှိခဲ့ပေမဲ့ အခုအချိန်ထိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။

ဇန်နဝါရီလ ၁၃ ရက်နေ့က ဖားကန့်မြို့နယ် စပေါ့ရွာ နွံကန်ကျိုးပေါက်တာကြောင့် လူသေဆုံးမှု ဖြစ်ပွား ခဲ့ချိန်မှာပဲ ဆန်ခါရွာနဲ့ မဇွပ်ယန်ရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာအနီးမှာ ရှိတဲ့ ဖားကန့်ဒေသခံက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း နွံကန်ပြိုကျမှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့သတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ ရပါဘူး။

ဖားကန့် မြေပြိုမှုကြောင့် သေကျေထိခိုက်မှုတွေ၊ ထိခိုက်ပျက်စီးမှု သတင်းတွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပုပ်ရဟန်းမင်းကြီး Francis ကလည်း ဗာတီကန်ကျောင်းတော်က ဒီကနေ့ ဆုတောင်းပွဲမှာ မိန့်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG