သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူတွေ ပြန်လွတ်ရေး နိုင်ငံတကာ ဖိအားပေးဖို့ HRW တိုက်တွန်း


ပြီးခဲ့တဲ့ ရက်ပိုင်း အကျဉ်းထောင်မှ ပြန်လွတ်လာသူများ
ပြီးခဲ့တဲ့ ရက်ပိုင်း အကျဉ်းထောင်မှ ပြန်လွတ်လာသူများ

[[ Zawgyi ]]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေ အပါအဝင် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးနေပေမဲ့ လုံလောက်မှု မရှိသေးတာကြောင့် နိုင်ငံတကာက တွန်းအားပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးတခုဖြစ်တဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့နဲ့ ထိရောက်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေ ဒီထက်ဖိအားပေးဖို့ လိုအပ်နေကြောင်း HRW အာရှရေးရာမူဝါဒ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။

မအင်ကြင်းနိုင်က စကိုက်ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။

ဖမ်းဆီးထားသူတွေကို ခံဝန်ချက်တွေနဲ့ စစ်ကောင်စီက လွှတ်ပေးနေတဲ့ နောက်ဆုံးအခြေအနေ၊ ပြန်လွှတ်ပေးပြီးနောက် ပြန်အဖမ်းခံရတဲ့ အခြေအနေ စတာတွေနဲ့ ပတ်သက်လို့ သူတို့ အနီးကပ်စောင့်ကြည့်နေကြောင်း HRW အာရှရေးရာမူဝါဒ ညွန်ကြားရေးမှူး John Sifton က ဗွီအိုအေကို အခုလိုပြောပါတယ်။

"အချက်အလက်တွေက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့် တချို့ရကြတယ်၊ စွဲချက်တချို့ ပယ်ဖျက်ပေးတယ်ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်တာ၊ တချို့တော့ လွတ်မြောက်လာတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ဘယ်နှစ်ယောက် လွတ်လာသလဲဆိုတာ ကျနော်တို့ အတိအကျ မသိရပါဘူး။ နောက်ပြီး လွတ်လာသူတွေ ပြန်ပြီး အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေလည်း ရပါတယ်။ ဒါကြောင့် အခုလို လွှတ်ပေးမှုမျိုးဟာ လုံလောက်မှု မရှိသလို၊ မြန်မာစစ်တပ်ရဲ့ အမူအကျင့် သဘောထားတွေ ပြောင်းလဲသွားပါတယ်ဆိုတာကို ကိုယ်စားပြုတာ၊ အချက်ပြတာမျိုးလည်း မဟုတ်ပါဘူး။ ဒီလူတွေကို အရင်ကတည်းကိုက ဖမ်းဆီးဖို့ မသင့်ပါဘူး။ သူတို့ကို ရာဇဝတ်မှုတွေနဲ့ စွဲချက်တင် ထားတယ်ဆိုတာကလည်း မဖြစ်သင့်ပါဘူး။"

မေး။ ။ အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ကြေညာချက် ထွက်လာပြီးနောက် ရက်ပိုင်းအတွင်း စစ်ကောင်စီက သူတို့ဖမ်းဆီးထားသူတွေကို ပြန်လွှတ်တာ၊ နောက် အခုဆိုရင်လည်း G7 နဲ့ အာဆီယံ ဝန်ကြီးတွေ ဆွေးနွေးပွဲအတွက် မြန်မာကို ဖိတ်ကြားဖို့ မရှိဘူးဆိုတဲ့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်ထွက်လာတာ စတဲ့ အခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ "အခြေအနေတွေကို ကြည့်ရင် ဖိအားပေးမှုတွေဟာ အလုပ်ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း လုံလောက်တဲ့ ဖိအားပေးမှုမျိုး မဟုတ်ပါဘူး။ ဒီလောက် ဖိအားပေးတဲ့အတွက် အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတာမျိုးပဲရပါတယ်။ ဒီထက်မက ဖိအားပေးမှုတွေ လိုအပ်နေပါတယ်။ ဒါကြောင့် စိုးရိမ်မကင်းဖြစ်နေတဲ့ နိုင်ငံတွေအနေနဲ့ ပိုပြီး ဖိအားတွေပေးဖို့၊ စစ်ခေါင်းဆောင်တွေအပေါ် ပိုပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ဖို့၊ သူတို့ရဲ့ နိုင်ငံခြား ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ ပြည်ပမှာရှိနေတဲ့ ဘဏ်တွေမှာ အပ်နှံထားတဲ့ သူတို့ရဲ့ ဒေါ်လာနဲ့ ယူရိုငွေတွေကို ပိတ်ဆို့ဖို့ လိုတယ်လို့ ကျနော်တို့ အကြံပြုချင်ပါတယ်။ "

" တကယ်လို့ ဒီလို ကြီးမားတဲ့ ဖိအားပေးမှုတွေ လုပ်မယ်ဆိုရင် အကျဉ်းသားတွေလွှတ်ပေးတဲ့ အဆင့်ထက်မက ပိုပြီးရဖို့ရှိပါလိမ့်မယ်။ စစ်ခေါင်းဆောင်တွေဘက်က ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် သူတို့ရဲ့ အပြုအမူတွေကို တကယ်ပြောင်းလဲ လာတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အမှား မလုပ်မိဖို့တော့ လိုပါတယ်။ သူတို့ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးတယ်ဆိုတာ ကြိုဆိုရပေမယ့် စစ်ကောင်စီဘက်က အဓိက ပြုပြင်ပြောင်းလဲ လာတာမဟုတ်ပဲ ဖိအားတွေကို တုန့်ပြန်ဖို့ တခုခုလုပ်ရမယ်ဆိုပြီး လုပ်ဆောင်တာမျိုးပဲ ဖြစ်ပါတယ်။"

မေး။ ။ ဒါဆိုရင် အခု ကုလသမဂ္ဂ ဘက်က မြန်မာနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်မယ်လို့ ထင်ပါသလား။ အခု လာမယ့် သောကြာနေ့မှာဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သူ့ရဲ့အစီရင်ခံစာကို တင်ပြဖို့ ရှိနေပါတယ်။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ " ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်က အရေးယူလုပ်ဆောင်ဖို့ အများကြီး ပျက်ကွက်ခဲ့ပါတယ်။ အကျပ်အတည်းတွေကိုဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်။ လူနည်းစုတိုင်းရင်းသားတွေ အပါအဝင် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံကနေ လူတသန်းနီးပါး အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုအပေါ် တုန့်ပြန်အရေးယူဆောင်ရွက်ဖို့ စတာတွေ ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် နယူးရောက်က ကုလသမဂ္ဂဌာနချုပ်မှာ စိုးရိမ်မကင်းဖြစ်နေတဲ့ နိုင်ငံတွေအနေနဲ့ ဖိအားပေးလုပ်ဆောင်ဖို့ အလွန်ကို အရေးကြီးနေပါတယ်။ လက်နက်ရောင်းဝယ်မှုကို ပိတ်ဆို့ဖို့နဲ့ စစ်ကောင်စီအနေနဲ့ အပြောင်းအလဲတွေဖြစ်အောင် မလုပ်ဘူးဆိုရင်၊ မဟာမိတ်မရှိတဲ့ အပယ်ခံ လုံး၀ အထီးကျန်နိုင်ငံဖြစ်သွားလိမ့်မယ်ဆိုတာမျိုး ပြင်းပြင်းထန်ထန် သတိပေးရမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလို့ ဆန့်ကျင်သူတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးနေတဲ့ နောက်ဆုံးအခြေအနေကို ကုလသမဂ္ဂဘက်က အနီးကပ်စောင့်ကြည့်နေကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ထားသလို၊ သူတို့အားလုံးဟာ မတရားဖမ်းဆီးခံထားရသူတွေဖြစ်တဲ့အတွက် ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ အတွင်းရေးမှူးချုပ် အမြဲတိုက်တွန်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ စစ်ကောင်စီကို တနင်္လာနေ့က ထပ်မံ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


{{ Unicode }}













XS
SM
MD
LG