သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို Bhasan Char ကျွန်းပို့မည့် အစီအစဉ် HRW ကန့်ကွက်


Bhasan Char ကျွန်း
Bhasan Char ကျွန်း

ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူမနေတဲ့ ကျွန်းငယ်လေး တခုကို ရွှေ့ပြောင်းမယ့် ဘင်္ဂလားဒေရှ့် အစိုးရရဲ့ အစီအစဉ်ကို ပြန်လည် သုံးသပ်ဖို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေးအဖွဲ့က သြဂုတ်လ ၅ ရက်နေ့မှာ စာမျက်နှာ ၆၈ မျက်နှာပါ အစီရင်ခံစာ တစောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အခုလိုစီစဉ်မှုကြောင့် ဒုက္ခသည်တွေ အတွက် အထူးစိုးရိမ်ကြောင်း လည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

“ဘင်္ဂလားဒေရှ့်ဟာ တို့နိုင်ငံ မဟုတ်ဘူး - မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အတိဒုက္ခ ဆိုတဲ့ အစီရင်ခံစာကို တစောင်ကို Human Rights Watch အဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံက မနှစ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်မှာ ရှိနေပြီး အရင် ဒုက္ခသည်တွေနဲ့ ပေါင်းရင် ရိုဟင်ဂျာ တသန်းလောက် ရှိနေတာမို့ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဒုက္ခသည်တွေရဲ့ ကြီးလေးတဲ့ဝန်ကို ထမ်းနေရနေကြောင်း၊ ဒီအထဲ Cox’s Bazar မှာ ရှိတဲ့ ဒုက္ခသည် ၂ သိန်းကျော်ထဲက ၄ သောင်းကျော်ဟာ ရေကြီးမှု မြေပြိုမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး သိပ်ဆိုးဝါးတဲ့ နေရာက ၂ သောင်းလောက်ကိုသာ ဘေးလွတ်ရာ နေရာကို ရွှေ့ပြောင်းပေးနိုင်ကြောင်းနဲ့ ဒုက္ခသည် စခန်းတွေဟာ ကြပ်ညပ်နေပြီး ကျန်းမာရေးအရ အခြေနေ မကောင်းသလို၊ မီးဘေးအန္တရာယ်၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်တွေကိုပါ ရင်ဆိုင်နေ ကြရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ် သြဂုတ်လထဲ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအတွက် မြန်မာလုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ နောက်ပိုင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ထွက်ပြေးခိုလှုံခဲ့တာ ဖြစ်ပြီး အခု တနှစ်ပြည့်ခါနီး အချိန်အထိ နေရပ်ရင်း မပြန်နိုင်သေးပဲ ဘင်္ဂလားဒေ့ရှ်မှာ သောင်တင်နေတာပါ။ ဒုက္ခသည်တွေနေထိုင်တဲ့ စခန်းတွေမှာ အခုမုတ်သုန်ရာသီအတွင်း မိုးဒဏ်ကြောင့် ရေကြီးမှု မြေပြိုမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး သေဆုံးမှုတွေပါ ရှိနေတဲ့အ တွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ဒုက္ခသည် စခန်းတချို့မှာရှိတဲ့ ဒုက္ခသည်တွေထဲက တသိန်းလောက်ကို ဒီရေတောတွေ မြက်တွေဖုံးနေတဲ့ Bhasan Char ကျွန်းကို ပို့ဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ဒီကျွန်းဟာ Meghna မြစ်ကနေ သယ်ဆောင်လာတဲ့ နှုန်းမြေတွေကနေ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကမှ ပေါ်လာတဲ့ မြေနုကျွန်းလေး ဖြစ်ပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရ အခုလို စီစဉ်နေတာနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ်အတွက် သိပ်ကို စိုးရိမ်တယ်လို့ Human Rights Watch အဖွဲ့ပြောခွင့်ရ Meenakshi Ganguly က VOA ကိုပြောပါတယ်။

“ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေသတ်မှတ်ထားတဲ့ ကျွန်းက Bhasan Char ကျွန်းပါ။ အဲဒီမှာ သဲနုန်းမြေတွေနဲ့ဆောက်ထားတာပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အဲဒီ ကျွန်းတောင်မရှိခဲ့ပါဘူး။ ဆယ်စုနှစ် သိပ်မကြာသေးပါဘူး။.မြစ်က နုန်းတွေလာစုပြီး အခုလိုကျွန်းဖြစ်လာတာပါ။ ဘင်္ဂလား ပင်လယ်အော် ဟာ ဒီရေလှိုင်းတွေ သိပ်ကြီးပါတယ် ဒါကြောင့် ဒီကျွန်းမှာနေထိုင်ကြသူတွေ ဒီရေလှိုင်းလုံးကြီးတွေပါသွားမှာ စိုးရိမ်ရပါတယ်။ မုန်တိုင်းဒဏ်လည်း ခံရမှာပါ။ ဒါကြောင့် ရိုဟင်ဂျာတွေကို ဒီကျွန်းကို ပြောင်းရွှေ့ထားမယ်ဆိုရင် သိပ်ကိုအန္တရာယ်ကြီးတဲ့အတွက်ကြောင့် ကျမတို့က စိုးရိမ်မကင်းဖြစ်ပါတယ်။”

လက်ရှိဒုက္ခသည်စခန်းတွေမှာ လူဦးရေ သိပ်များနေတာမို့ စက်တင်ဘာလကစ ရွေ့ပြောင်းပေဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်နေပြီး အခုအခါမှာ Bhasan Char ကျွန်းကို ဒုက္ခသည် တသိန်းလောက် ပို့နိုင်ဖို့ နေစရာတွေ ဆောက်လုပ်နေတယ်လို့လည်း Human Rights Watch အဖွဲ့က ပြောပါတယ်။

"Bhasan Char ကျွန်းပေါ်မှာ ဆောက်လုပ်ရေးတွေစနေပါပြီ။ ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ တရုတ်တို့က ယာယီတဲခိုစခန်းတွေ အိမ်တွေဆောက်နေပြီး ကျွန်းကမ်းပါးကိုလည်း ပိုခိုင်ခန့်အောင်လုပ်နေပါတယ်။ ဒီရေတက်လာရင် ခံနိုင်ရည်ရှိအောင်လို့ပါ။ ဒါတွေအားလုံးဟာ ဘေးအန္တရာယ်ကင်းအောင်လုပ်နေတယ်လို့ ဆိုရပေမယ့် ဒါတွေကို ပြန်စိစစ်ဖို့ လိုပါတယ်။ ဒီကျွန်းမှာ ဝမ်းစာရှာဖို့ မလွယ်သလို လူတွေလည်း လွတ်လပ်စွာ သွားလာခွင့်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့တွေ ဘယ်လိုလုံခြုံအောင်နေနိုင်ကြမှာလဲ ဒါကြောင့် Bhasanကျွန်းမှာ ဆောက်လုပ်နေတာတွေကို သေသေချာချာစိစစ်ဖို့လိုပါတယ်။ ဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်ကင်းဖို့ အာမခံချက်ရရှိဖို့ လိုပါတယ်။ သူတို့က လူ၁သိန်းလောက်ကို မိုးရာသီအပြီးမှာ ရွှေ့ပြောင်းလိုပါတယ်။ နှစ်ကုန်မှာတော့ အပြီးရွှေ့ဖို့ မှန်းထားတာ တွေ့ရပါတယ်။"

Bhasan Char ကျွန်းနားမှာပဲ နောက်ထပ် ပြောင်းရွှေ့ပေးဖို့ အလားအလာရှိတဲ့ နေရာ- ၆ နေရာ ရှိနေကြောင်းနဲ့ အဲဒီနေရာတွေဟာ Ukhiya ေဒေသ တွင်းမှာပဲ ရှိသလို အဲဒီနေရာတွေစုစုပေါင်းဟာ ဧက ၁၃၀၀ လောက်ရှိပြီး လူပေါင်း ၂သိန်း ၆ သောင်းကျော် နေနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် Bhasan Char ကျွန်းကို ဒုက္ခသည်တွေ မပြောင်းရွှေ့စေချင်တဲ့ အချက်က ၆ ချက် ရှိနေပြီး အရေးအကြီးဆုံး အချက်က ကျွန်းဟာ လူနေထိုင်ဖို့ မသင့်တဲ့ နေရာဖြစ်နေပြီး အချိန်မရွေး ရေလွှမ်းသွားနိုင်တာနဲ့ မုန်တိုင်းဒဏ်ခံရနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းပေါ်မှာ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှု အကန့်အသတ်ရှိနေပြီး အသက်မွေးဝမ်းကျောင်းအတွက်လည်း အခွင့်အရေး မရှိသလို အဲဒီ Bhasan Char ကနေ လွတ်လပ်စွာ သွားလာခွင့် အာမခံချက်လည်း မရှိတာကြောင့် တသီးတခြား ဖြစ်သွားပြီး ထိန်းသိမ်းရေး စခန်းလို ဖြစ်သွားမယ်လို့လည်း ထောက်ပြ ပါတယ်။ ဒါ့အပြင် အဲဒီကျွန်းဟာ မြန်မာနယ်စပ်နဲ့ ဝေးပြီး ဒုက္ခသည်တွေကလည်း မသွားချင်ကြောင်း ပြောပါတယ်။

ဒါကြောင့် ဒီဒုက္ခသည်တွေကို လူမနေတဲ့ ကျွန်းကိုပို့ဖို့စီစဉ်နေတာကို ပြန်လည်သုံးသပ်ပြီး သူတို့တွေ လုံခြုံစိတ်ချစွာ နေရပ်မပြန်နိုင်သေးခင် အချိန်အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ဒုက္ခသည်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးဖို့လည်း မစ္စ Ganguly က တိုက်တွန်းပါတယ်။

"ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာပြန်နိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ သဘောတူညီချက်မရမချင်း သူတို့ရဲ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျမတို့ တိုက်တွန်းလိုပါတယ်။ ပညာရေး ၊ ကျန်းမာရေး၊ ဘဝနေထိုင်ရေးတို့ရှိရမှာပါ။ ဒီကျွန်းကဒါတွေကို အာမခံချက်မပေးနိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ဝန်ခံထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ ဌာနေမပြန်နိုင်တဲ့ အချိန်အတောအတွင်းမှာ ဘေးကင်းလုံခြုံရေးအတွက် ရေရှည်အစီအစဉ်တရပ် ရှိဖို့လိုပါတယ်။"

HRW ရဲ့ အစီရင်ခံစာကို ပြုစုသူနဲ့ ဒုက္ခသည် အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူး Bill Frelick ကလည်း ဘင်္ဂလားဒေရှ့် နိုင်ငံ အနေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည် အဖြစ် မှတ်ပုံတင် ပေးပြီး ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အသေအချာပေးသင့်သလို၊ အသက်မွေးဝမ်းကျောင်းအတွက် စခန်းပြင်ထွက်ခွင့် ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာဘက်ကတော့ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အားလုံးကို ပြန်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒုက္ခသည်တွေကလည်း နိုင်ငံသားဖြစ်ခွင့် အာမခံချက် အပါအဝင် ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးမှသာ ဌာနေပြန်နိုင်မယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG