သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါအလွန်မှာ လူ့အခွင့်အရေး အလေးပေးဖို့ ကုလ တိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet

(Zawgyi/Unicode)

ကိုဗစ် ကပ်ရောဂါလွန် ကာလမှာ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ လူ့အခွင့် အရေးနေ့ မတိုင်ခင် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။

“ကပ်ရောဂါက ကျွန်မတို့အားလုံးကို အကာအကွယ်မဲ့ အားအင် ချိနဲ့သွားစေကြောင်း၊ ဒါပေမဲ့ ဒီ ဘေးအန္တရာယ်ကို ဘယ်လို ကျော်လွှားမလဲ စဉ်စား ကြိုးပမ်းရမှာကို အခွင့်အလမ်း တစ်ရပ်အနေနဲ့ ရှုမြင်နိုင်ကြောင်း၊ ဦးစားပေးလုပ်ငန်းတွေကို ပြန်လည်ချမှတ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်သွားရမှာ ဖြစ်ကြောင်း” လူ့အခွင့်အရေးနေ့မတိုင်ခင် ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။

လောလောဆယ် ကမ္ဘာတစ်ဝှမ်း COVID 19 ကူးစက်ခံရသူ ၆၈ သန်း ရှိပြီး သေဆုံးသူ ၁.၅ သန်း ရှိတယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားတာပါ။

စမ်းသပ် ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေ ရရှိဖို့ လချီကြာဦးမှာ ဖြစ်ပေမယ့် ကာကွယ်ဆေးတွေက ကိုဗစ်ကပ်ရောဂါကို အဆုံးသတ်သွား စေလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း၊ ဒါပေမဲ့ ကာကွယ်ဆေးက ဒီ ဘေးအန္တရာယ်ကြီးကို အဆုံးသတ်နိုင်မှာ ဖြစ်ပေမဲ့ ကိုဗစ်ကြောင့်ဖြစ်ရတဲ့ လူမှု၊ စီးပွား ဒဏ်ရာဒဏ်ချက်တွေကိုတော့ ကုစားပေးနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

ငတ်မွတ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှု စတာတွေကို ကာကွယ်ပေးနိုင်တဲ့ ဆေးက လူ့အခွင့်အရေးပဲ ဖြစ်တယ်လို့လည်း မဟာမင်းကြီး Bachelet က ပြောပါတယ်။

၁၉၄၈ ခုနှစ်က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကို လူ့အခွင့်အရေးနေ့အဖြစ် ကုလသမဂ္ဂက ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် ကျင်းပနေတာပါ။ အဲဒီ ကြေညာစာတမ်းမှာ အခြေခံ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်ပေါင်း ၃၀ ကို ကာကွယ်စောင့်ရှောက်ဖို့ ထည့်သွင်းရေးသား ထားပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ကမ္ဘာမှာ ဘာသာပြန်ဆိုမှု အများဆုံး စာရွက်စာတမ်းတစ်ခု ဖြစ်ပြီး အခုအချိန်အထိ ဘာသာပေါင်း ၅၀၀ ကျော် ပြန်ဆိုထားပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)








XS
SM
MD
LG