သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး စိန်ခေါ်မှုတွေရှိဆဲ


နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ၂၀၁၆။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ၂၀၁၆။

စစ်အစိုးရခေတ်အဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေး အခြေအနေဟာ မျှော်လင့်ထားသလို ဖြစ်မလာသေးသလို လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်မှုတွေအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ပြည်သူရင်ပြင်မှာ လူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့အစည်းတွေ ပူးပေါင်းပြီး နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသလို နယ်မြို့တချို့မှာလည်း ကျင်းပခဲ့ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက် ပထမဆုံးကျရောက်တဲ့ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ရဲ့ အဓိက ဆောင်ပုဒ်ကတော့ (Stand up for Someone's rights today) “တခြားသူတွေအတွက် လူ့အခွင့်အရေး ယနေ့ကစ ရပ်တည်ပေး” ဖြစ်ပါတယ်။

ဒီနှစ်ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်နဲ့အညီ တခြားသူတွေအတွက်လည်း လူ့အခွင့်အရေး ရရှိအောင် ရပ်တည်ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးသွားကြဖို့ နဲ့ ဒီကနေ့ လူ့အခွင့်အရေးနေ့ ကျင်းပရတဲ့အကြောင်း ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုက ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

"ဒီနှစ်လူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Stand up for Someone's rights todayပေါ့နော် လူ့အခွင့်အရေးအတွက် တခြားသူတဦးရဲ့ လူ့အခွင့်အရေးအတွက် ယနေ့မှစ ရပ်တည်ပေး ဆိုတဲ့ ကျမတို့ မြန်မာမှုပြုထားတဲ့ အဓိပါယ်လေးနဲ့ ဒီဆောင်ပုဒ်လေးကိုလည်း အများပြည်သူ သိစေချင်တာရယ်ပေါ့နော်။ အဲ့တာနဲ့ ရည်ရွယ်တွေနဲ့ လုပ်ခဲ့တာပေါ့နော်။"

မဆုမွန်။ ။ ကျမ မေးချင်တာက အရင်အစိုးရအဆက်ဆက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရတာတွေရှိတယ်ပေါ့နော်။ ဆိုတော့ အခုအရပ်သားအစိုးရလက်ထက်မှာရော လူ့အခွင့်အရေးအခြေအနေဟာ မျှော်လင့်ထားသလို ပိုပြီးတော့မှ ကောင်းမွန်လာတဲ့အခြေအနေမှာ ရှိနေလား နောက်ပြီး ဘယ်လိုစိန်ခေါ်မှုတွေနဲ့ရော ရင်ဆိုင်နေရပါသေးလဲ။ မဝေဝေနုတို့လို လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့အမြင် ဘယ်လိုရှိပါသလဲရှင့်။

" အရပ်သားအစိုးရလက်ထက်မှာတော့ ကျမ သိသိသာသာ ပြောင်းလဲသွားတာမျိုး ပြောင်းလဲသွားတာမျိုးတွေ သိပ်ပြီးတော့ မတွေ့ရသေးပင်မဲ့ အရပ်သားအစိုးရအနေနဲ့ ကြိုးစားနေတယ်လို့ ကျမတို့ နားလည်တယ်ပေါ့နော်။ ဒီ့ထက်ပိုပြီးတော့ ထိရောက်တဲ့ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်ပေါ့။ အခက်အခဲတွေကတော့ အများကြီးရှိနိုင်ပါတယ်။ ပထမတချက်က အများပြည်သူကြားထဲမှာ လူ့အခွင့်အရေးဆိုတဲ့ လူတွေအားလုံးဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ရှိတယ်။ လူသားတွေရဲ့အခွင့်အရေးဟာ တန်းတူဖြစ်တယ်ဆိုတာ လူ့အခွင့်အရေးအပေါ်မှာ နားလည်မှုတွေကအစ ကျမတို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ကျမတို့ နားလည်ထားတဲ့ လူ့အခွင့်အရေးနဲ့တကယ်တမ်း လူသားတွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးဆိုတာ လက်ခံနိုင်မှုတွေ နားလည်မှုတွေ အပေါ်မှာကနေ အစ ကျမတို့မှာ အခက်အခဲတွေ စိန်ခေါ်မှု အများကြီးရှိပါတယ်။"

စစ်အစိုးရခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခါးစီးရင်ဆိုင်ခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် လူ့အခွင့်အရေးလှုပ်ရှားသူတွေက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖော်ထုတ်ခဲ့ကြသလို လူ့အခွင့်အရေးအတွက်လည်း တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေးအခြေအနေနဲ့ အခု အရပ်သားအစိုးရ လက်ထက် ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အပေါ် သတင်းစာသမားလည်းဖြစ် ခေတ်ရနံ့မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ကိုပြည့်သွေးနိုင်ကလည်း အခုလိုသုံးသပ်ပါတယ်။

" ပထမဆုံး ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အစိုးရလက်ထက်မှာ ပထမဆုံး စတင်ပြီးတော့ ကြုံတွေ့ရတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ပေါ့လေ။ အမှန်တကယ်ဆိုရင်တော့ လူ့အခွင့်အရေးအတွက်ပဲ NLD ဦးဆောင်တဲ့အစိုးရဟာ ဆိုလို့ရှိရင် လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်တိုက်ပွဲဝင်လာတာဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ အသက်သွေးချွေးတွေ စတေးပြီး ပေးဆပ်ပြီး ပင်ပမ်းအနစ်နာခံ ဆောင်ရွက်လာကြတာဖြစ်တယ်။ ဒါပေမဲ့ ဒီကနေ့ အနေအထားမှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် ကျင်းပတာမျိုး ဆောင်ရွက်တာမျိုး ပြောကြားတာမျိုးတွေကို မတွေ့ရဘူး။ အမှန်ဆိုလို့ရှိရင် ပိုပြီးတော့ ပထမဆုံး အရပ်သားအစိုးရလက်ထက်လည်းဖြစ်တယ် ပထမဆုံးကြုံတဲ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာဆိုရင် လူ့အခွင့်အရေးကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ပါတီအနေနဲ့ အဲ့ဒီ့ပါတီက အခုအချိန်မှာ အစိုးရလည်း ဖြစ်နေတဲ့အချိန်မှာ ဒီ့ထက်ပိုပြီး တော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည်သူလူထုကို သိရှိဖို့ ပါဝင်နိုင်ဖို့ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုကောင်းမယ်လို့ အဲ့လိုလေး မြင်ပါတယ်။ ပြောရလို့ရှိရင်တော့ ဒီအစိုးရသစ် တာဝန်ယူလိုက်တဲ့အချိန်မှာ ရှေ့ကနေ နှစ်ပေါင်း လေး၊ ငါးဆယ် အခက်အခဲတွေ၊ ရှေ့မှာ အုပ်ချုပ်ခဲ့တဲ့ စနစ်ဆိုးတွေ၊ ရှေ့ကနေ ဆောင်ရွက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရဲ့ အရှိန်က အခုထက်ထိ ပါလာတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဦးဆောင်သွားတဲ့ ဆောင်ရွက်သွားတဲ့ အစိုးရအဆက်ဆက်ရဲ့ အမွေတွေကို ကောင်းမွေ ဆိုးမွေတွေကို ဆက်ခံရတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒီဘက်မှာလည်း ရှိနေတုန်းပါပဲ။"

မြန်မာနိုင်ငံတွင်း စိန်ခေါ်အကဲစမ်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ လူ့ဂုဏ်သိက္ခာနဲ့ လူသားအခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးသလိုဖြစ်နေတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ပေးသင့်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့အရေးကြီးတယ်လို့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီက လူ့အခွင့်အရေးလှုပ်ရှားသူ မသဉ္စာရွှန်းလဲ့ရည်ကလည်း အခုလိုပြောပါတယ်။

"အဓိကက ကျမမြင်တာက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေဆဲဟာတွေက အမြစ်တွယ်နေဆဲအကြောင်းအရာတွေပေါ့နော် ဒါတွေကိုတားဆီးပေးနိုင်တာ ကန့်ကွက်ပေးနိုင်တာကတော့ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုတယ်ပေါ့နော်။ ဥပဒေပြင်ဆင်တာကိုလည်း အရပ်သားအစိုးရလက်ထက်မှာ သင့်တော်တဲ့ ဥပဒေပြင်ဆင်မှုတွေ လူထုအခြေပြုတဲ့ လူထုပါဝင်တဲ့ အကြံပြုချက်တွေပါဝင်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ပဲ အဓိက မျှော်လင့်တာပေါ့နော်။ အဓိက အရေးကြီးဆုံးအခြေခံကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ က အကြီးမားဆုံး လက်ရှိအစိုးရမှာ အခက်အခဲဖြစ်နေတယ်လို့ ကျမတို့ ယူဆတယ်။"

ဒီကနေ့ကျရောက်တဲ့ လူ့အခွင့်အရေး အခမ်းအနားကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကသူရဦးတင်ဦးနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးတောင်းဆို တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း (၂၀)ကျော် ပူးပေါင်းပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ အများပြည်သူတွေ ရာနဲ့ချီ စုဝေး တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG