သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း Dorian အမေရိကန် အရှေ့တောင်ပိုင်း ကမ်းရိုးတန်း ဝင်ရောက်


ဟာရီကိန်း Dorian ဟာ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်အရှေ့တောင်ဘက် ကမ်းရိုးတန်းတလျှောက် ဝင်ရောက်လာပြီး အရင်ကလောက် အင်အားပြင်းထန်မှု မရှိတော့ပေမယ့် ကမ်းရိုးတန်းဒေသနေလူထုအတွက် အန္တရာယ် ကြီးတဲ့ မုန်တိုင်း အနေအထားမှာ ရှိနေဆဲ ဖြစ်ပြီး ကုန်းတွင်းပိုင်းထဲ ဝင်ရောက်လာနိုင်ဆဲဖြစ်ပါတယ်။

မုန်တိုင်းဝင်မွှေခဲ့တဲ့ ဘဟားမားကျွန်းစုမှာတော့ လေတိုင်းနှုန်းက တနာရီကို ၁၀၂ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာ ဖြစ်ကြောင်း ဟာရီကိန်း စောင့်ကြည့်သူတွေက ပြောပါတယ်။ အခုအချိန်မှာ ဟာရီကိန်း Dorian ဟာ ဖလော်ရီဒါ အရှေ့မြောက် ကမ်းခြေနဲ့ နီးကပ်လာနေပြီ ဖြစ်ပါတယ်။

အမေရိကန် ဟာရီကိန်းစင်တာကတော့ ဒီမုန်တိုင်းဟာ တနာရီကို ၉ မိုင်နှုန်းလောက်နဲ့ ရွှေ့လျားနေတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ဖလော်ရီဒါနဲ့ ဂျော်ဂျီယာ တလျှောက်က ကမ်းရိုးတန်းနဲ့ အပြိုင်ရွေ့လျားနေကြောင်း ပြောပါတယ်။ ဒါ့အပြင် ကြာသပတေးကနေ သောကြာ နေ့တွေ မှာ တောင်ကာရိုလိုင်းနားနဲ့ မြောက်ကာရိုလိုင်းနား ကမ်းရိုးတန်းနား အထိ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဟာရီကိန်း Dorian ကြောင့် ပင်လယ်ပြင်တွင်းမှာ လှိုင်းလုံးကြီးတွေဟာ သာမန်ထက် ၆ ပေ ၇ ပေလောက် ပိုမြင့်မားလာနိုင်ပြီး ကမ်းရိုးတန်း ဒေသတကြောမြေနိမ့်ရာ ဒေသတွေမှာ ရေလွှမ်းမယ့် အန္တရာယ်ရှိနေတယ်လို့လည်း ဟာရီကိန်းစင်တာက ပြောပါတယ်။ မုန်တိုင်းကြောင့် လေတိုက်နှုန်းဟာ တနာရီကို မိုင် ၇၀ နှုန်းကနေ တနာရီကို မိုင် ၁၇၀ နှုန်းလောက်အထိ ပြင်းထန်နိုင်တယ်လို့လည်း ပြောပါတယ်။

သမ္မတ Donald Trump ကတော့ မုန်တိုင်းရဲ့ လားရာ ဦးတည်ချက် ဘယ်ပြည်နယ်ဘက်ကို သွားမယ်မှန်း အခုထိ တိတိကျကျ မခန့်မှန်းနိုင်သေးကြောင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေ ကို ပြောပါတယ်။

ဟာရီကိန်း Dorian ဟာ ဘဟားမားကျွန်းစုမှာ ပြင်းအား အဆင့် ၅ လောက်အထိ ရှိခဲ့ပေမယ့် အခုအချိန်မှာ အဆင့် ၂ အထိ အားလျော့သွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG