သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာဘက်က ချေပချက်တင်ဖို့ ICJ အချိန် ၁ လထပ်ပေး


ICJ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်ဖို့ရောက်ရှိနေတဲ့ မြန်မာနှင့် ဂမ်ဘီယာရှေ့နေများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁-၂၈၊ ၂၀၂၂)
ICJ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်ဖို့ရောက်ရှိနေတဲ့ မြန်မာနှင့် ဂမ်ဘီယာရှေ့နေများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁-၂၈၊ ၂၀၂၂)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံးကို အထောက်အထားတွေတင်ပြ လျှောက်လဲ ချက်ပေးရမယ့်ရက်ကို တရားရုံးက ၁ လပဲ အချိန်တိုးပေးလိုက်ပါတယ်။ မြန်မာဘက်က ပြန်လည်ချေပဖို့ ပြင်ဆင်စရာတွေရှိသေးတာကြောင့် အချိန်တိုးတောင်းခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"အချက်အလက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ထပ်မံပြောကြား ဖြည့်စွက်စရာတွေရှိတယ်။ ပိုမိုခိုင်မာအောင် လုပ်စရာတွေရှိတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ အချိန်ရွှေ့ဆိုင်းပေးဖို့ ပြောခြင်းဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း အချိန်တလရွှေ့ဆိုင်းပေးတယ်ဆိုတာသိရပါတယ်။"

ICJ တရားရုံးရဲ့ မှတ်တမ်းအရတော့ အာဏာသိမ်းပြီး အုပ်ချုပ်ရေးအပြောင်းအလဲဖြစ်နေတာ၊ ကိုဗစ် 19 ရောဂါ ကူးစက်မှု တားဆီးရေး ကိစ္စတွေ လုပ်ကိုင်ခဲ့တာ၊ အမှုနဲ့ ပတ်သက်လို့ အထောက်အထား ရှာဖွေရတဲ့ အကန့်အသတ်၊ ဘာသာပြန်ဖို့ လိုတာတွေကြောင့် အချိန်ပိုလိုတယ်လို့ မြန်မာနိုင်ငံဘက်က အကြောင်းပြချက်ပေးပြီး ၂၀၂၄ ဖေဖော်ဝါရီလအထိ သက်တမ်းတိုးပေးဖို့ တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်နေတဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတဲ့ ဒုက္ခသည်တချို့ရဲ့ သက်သေထွက်ဆိုချက်တွေလည်း လိုအပ်နေတယ်လို့လည်း မြန်မာနိုင်ငံဘက်က အကြောင်းပြပါတယ်။ ဒါပေမဲ့ ICJ တရားရုံးက ၁ လပဲ သက်တမ်းတိုးပေးထားတာကို တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ခုလို သက်တမ်းတိုးပေးဖို့ မြန်မာနိုင်ငံဘက်က တောင်းဆို တာဟာ အကြောင်းပြချက် မခိုင်လုံဘူးလို့ တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်ကို ချိုးဖေါက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုချက်နဲ့ ပတ်သက်ပြီး အခုနှစ် ဧပြီလ ၂၃ ရက်နေ့ မတိုင်ခင် နှစ်ဘက် အထောက်အထားတွေ တင်ပြဖို့ ပြီးခဲ့တဲ့နှစ် ဂျုလိုင်လမှာ ICJ တရားရုံးက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဘက်က လျှောက်လဲချက်ပေးရမယ့်ရက်ကို ၂၀၂၄ ခု နှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့အထိ သက်တမ်းတိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးက ဒီနှစ်မေလ ၂၃ အထိ ၁ လပဲ အချိန်တိုးပေးတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG