သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရပြင်ဆင်


ICJ အပြည်ပြည်ဆိုင်ရာတရားရုံး
ICJ အပြည်ပြည်ဆိုင်ရာတရားရုံး

(Zawgyi/Unicode)

ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်အစီအမံအရ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအစီရင်ခံစာ ICJ ကို မကြာခင်တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အကြောင်း ပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီရင်ချက် လေးချက် ချမှတ်ခဲ့ရာမှာ လေးလအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုတွကို ICJ ကို ပြန်အစီရင်ခံရမယ်ဆိုတာ ပါဝင်ပါတယ်။

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို မြန်မာအစိုးရကိုင်တွယ်မှုမှာ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားတာပါ။ ဒီအမှုအတွက် နှစ်ဘက်ကြားနာခဲ့တဲ့နောက် မြန်မာနိုင်ငံတွင်းကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံလိုက်နာရမယ့် ကြားဖြတ်အရေးပေါ်အစီအမံတရပ် ICJ က ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်ပေးခဲ့တာပါ။ ဒီအစီအမံတွေကို ဘယ်လောက်အထိ ဆောင်ရွက်နိုင်လဲဆိုတာကို လေးလအတွင်း ပထမအစီရင်ခံစာ မြန်မာဘက်က တင်သွင်းရပါမယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို ဆက်သွယ် မေးမြန်းတာမှာတော့ အစီရင်ခံစာကို အချိန်မှီတင်သွင်းသွားဖို့ ပြင်ဆင်နေတယ်လို့သာ ပြောဆိုခဲ့ပြီး အသေးစိတ် ပြောဆိုဖို့ မရှိသေးဘူးလို့ VOA ကို ပြောပါတယ်။

"ကျနော်ပြောနိုင်တာ နည်းနည်းပဲ ပြောနိုင်တယ်။ သတ်မှတ်ကာလ အတွင်းတင်ဖို့တော့ ပြုစုနေတယ်။ အချိန်မှီတင်နိုင်မှာပါ။ အဲဒါတွေကို ပြောလို့ မရပါဘူး။ ၂၃ ရက်နေ့ဆို ၄ လပြည့်ပါမယ်။ အဲမတိုင်ခင်ပို့ရမှာပေါ့။ စာပေးစာယူ ပို့လို့ရပါတယ်။ အစိုးရအနေနဲ့ ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ ကြေငြာချက်တွေ ထုတ်ထားတယ်။ တွေ့မှာပေါ့နော်။ ဒါကလည်း ပြည်တွင်းက စုံစမ်းစစ်ဆေးမှုတွေကို အထောက်အကူပြုအောင် လုပ်တဲ့ သဘောပါပဲ။"

အစီရင်ခံစာတင်သွင်းဖို့ နဲ့ပတ်သတ်လို့ လိုအပ်တဲ့ အချက်အလက်နဲ့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့ဘက်က ဆောင်ရွက်နေတယ်လို့ မကြာသေးခင်က တပ်မတော်သတင်း အမှန်ပြန်ကြားရေးဘက်က သတင်းထုတ် ပြန်ထားပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ သက်သေအထောက်အထားတွေကို မပျက်စီးအောင် ထိန်းသိမ်းဖို့ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အလားတူပဲ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့နဲ့ စာချုပ်ပါ ပြစ်မှုတွေကို ကျူးလွန်မှုရှိတယ်ဆိုတာ ခိုင်လုံတဲ့အချက်အလက်ရရင် နိုင်ငံတကာသမ္မတရုံးကို တင်ပြဖို့ဆိုတာကိုလည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အမုန်းစကားပြန့်ပွားမှု တွေမရှိအောင် မဖြစ်အောင် စောင့်ကြည့်တားဆီးဖို့ အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်ကို သမ္မတရုံးအနေနဲ့ ညွှန်ကြားထားပါတယ်။

မြန်မာဘက်က ICJ ဆုံးဖြတ်ချက်အတိုင်း အခုလို လုပ်ဆောင်တာတွေ ရှိပေမဲ့ ဒါဟာ လက်တွေ့မှာ ထိရောက်တဲ့ သဘောတော့ မမြင်ဘူးလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာခင်ဇော်ဝင်းက တုံ့ပြန်ပါတယ်။

"နိုင်ငံခြားရေးက အဆင်သင့်ဖြစ်တယ်ဆိုလည်း တနည်းဆို သမန်ကာ ရှာမကာ ရီပို့တခုတင်မယ်ပေါ့လေ။ ဆောင်ရွက်နေပါတယ်။ကျနော့ စိတ်ထင်ကတော့ တင်တာတော့ တင်မှာဘဲ။ သိပ်တော့ အရာရောက်မယ် မထင်ဘူး။ တလောကလည်း တပ်ကို ယူကေဘက်က ဆန်ရှင် သက်တမ်းတိုးတာတွေ ရှိတယ်။။ ဆက်နွယ်နေမှာပေါ့။ ICJ စည်းမျဉ်းအရ ဒက်လိုင်းတင်ရမယ်။ ပထမရီပို့မှာတော့ တင်မယ်သိပ်သေချာထိရောက်မယ် မထင်ဘူး။ အကြောင်းပြလို့လည်းကောင်းတာပေါ့။ ဒီကြားထဲ ကိုဗစ်ကကျလာပြီး ဒီလို ချိန် ဘာမှ ကိုင်တွယ်တာမရှိရင်တော့ အရေးယူမှုပိုင်း ကတော့ လာမယ်ထင်တယ်။"

ICJ က မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံ လေးချက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုတား ဆီးရေး နိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂)မှာ ဖော်ပြတဲ့ပြစ်မှုတွေမကျူးလွန်အောင် ကာကွယ်စီမံဖို့၊ ကျူးလွန်ဖို့လှုံဆော်မှုတွေ မဖြစ်အောင် ထိန်းချုပ်ကိုင်တွယ်ဖို့၊ ဖြစ်ပြီးခဲ့တဲ့ပြစ်မှုတွေရဲ့ အထောက်အထားတွေကို မပျက်စီးအောင်ထိန်းထားဖို့နဲ့ တိုးတက်မှုတွေကို ပုံမှန်အစီရင်ခံစာ တင်သွင်းသွားဖို့ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ ARSA လက်နက်ကိုင်အဖွဲ့က ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပြီး နောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ၊ ရိုဟင်ဂျာဒေသခံ သိန်းဂဏန်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပြီး ဒါတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တယ်လို့ နိုင်ငံတကာမှာ စွတ်စွဲချက်တွေ ဖြစ်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို နိုင်ငံတကာစွပ်စွဲချက်တွေဟာ ချဲ့ကားလွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်နိုင်ပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ပြစ်မှုမဟုတ်ဘူးလို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကို လျှောက်ထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG