(Zawgyi/Unicode)
မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့အကူအညီတွေ သွားရောက်ပေးအပ်ခွင့်နဲ့ အကျဉ်းထောင်တွေကို သွားရောက်ခွင့်ပေးဖို့ ဇွန်လ ၃ ရက် ကြာသပတေးနေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC အကြီးအကဲ Peter Maurer က တောင်းဆိုခဲ့ကြောင်း ICRC ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ Covid 19 ကပ်ရောဂါအပြင် လက်ရှိကြုံနေရတဲ့ အကြပ်အတည်းတွေအတွက် မြန်မာပြည်သူတွေကို အရေးတကြီးအကူအညီပေးဖို့နဲ့ အကာကွယ်ပေးဖို့ လိုအပ်နေကြောင်း ပြောကြားခဲ့တဲ့ အပြင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေအပေါ် စစ်တပ်နဲ့ရဲရဲ့ အင်အားသုံးနှိမ်နင်းမှု အပါအဝင် လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဓိကပြဿနာတွေကိုလည်း တင်ပြခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ချင်း၊ ကချင်၊ ကယား၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေအပါအဝင် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် သွားရောက် ပေးအပ်ဖို့လိုအပ်နေကြောင်းလည်း ချပြခဲ့တယ်လို့ ဆိုပါတယ်။
Covid 19 ကပ်ရောဂါ ကြောင့် မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေဆီ သွားရောက်ခွင့်တွေ၊ လူသားချင်းစာနာမှု အကူညီပေးပို့ခွင့်တွေ ဆိုင်းငံ့ထားတာကို ပြန်ခွင့်ပြုပေးဖို့လည်း တောင်းဆိုခဲ့တာပါ။
ICRC အဖွဲ့ဟာ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်တိုက်ပွဲတွေ ကြောင့် ဒုက္ခရောက်ရသူတွေအတွက် နှစ်ပေါင်း ၃၀ ကျော် အကူညီပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ICRC အဖွဲ့ဟာ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ အတွက် ပံ့ပိုးကူညီနေသလို လခြမ်းနီအဖွဲ့နဲ့ပါ လက်တွဲပြီး နိုင်ငံတွင်း လိုအပ်တဲ့ အရေးပေါ်ဆေးအကူအညီတွေနဲ့ လူနာတင်ယာဉ် ambulance အကူအညီအပြင် Covid 19 ကာကွယ်တားးဆီးရေးလို လူသားချင်းစာနာမှု အကူညီတွေ ပေးအပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
.................................................................
(Unicode)