သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်းမရွာအတွက် ICRC အကူအညီပေးမယ့်အစီအစဉ် ရွှေ့ဆိုင်း


icrc
icrc

(Zawgyi/Unicode)

ဇွန်လတုန်းက ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က ကူညီမယ့်အစီအစဉ်ကို COVID-19 ကြောင့်ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးဘေးဒုက္ခသည်ရွာသားတွေ အကူအညီတွေလိုအပ်နေသလို အနားတဝိုက်ရွာတွေကလည်း ဆေးကုသမှုခံယူဖို့ပါ အခက်အခဲရှိနေတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုအောင်မြတ်သူကပြောပြပါမယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ရွာလုံးကျွတ် နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ကင်းမရွာကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဒီကနေ့ သြဂုတ် ၂၆ ရက်မှာ လာရောက်လှူဒါန်းဖို့ ဆွေးနွေးခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် လှူဒါန်းမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးဘေးဒုက္ခသည်ဖြစ်နေကြတဲ့ ကင်းမဒေသခံတွေအနေနဲ့ စားသောက်နေထိုင်ရေး ခက်ခဲနေတဲ့အတွက် အကူအညီ အထောက်အပံ့တွေရဖို့ မေ ျှာ်လင့်နေကြတာပါ။

“COVID-19 ရောဂါပိုးတွေ ဖြစ်တာများနေလို့ အဲ့ဒါကြောင့်မို့ သူတို့မလာတော့ဘူးဆိုတဲ့အကြောင်းပြောတာ။ ကျန်တဲ့ဟာတွေဘာမှမပြောဘူး။ အခုလောလောဆယ် ကင်းမရွာအနေအထားကတော့ တောတွေထဲမှာပဲ စစ်ရှောင်စခန်းတွေနဲ့ နေကြတယ်။ စားရေးသောက်ရေးကြတော့လည်း ပထမ သူတို့ဘေးက အလှူရှင်တွေ လာလှူထားတဲ့ဟာတွေနဲ့ စားနေတာပေါ့။ အခုဆိုရင် ရိက္ခာပိုင်းဆိုင်ရာတွေက ပြတ်လပ်ဖို့ နီးလာပြီပေါ့။"

ပေါက်မြို့တောင်ပိုင်းက ဒေသခံတဦးပြောပြတာပါ။ မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာကို သွားရောက်လှူဒါန်းမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဗွီအိုအေက ICRC ရန်ကုန်ရုံးကို သြဂုတ် ၁၉ ရက်က အီးမေလ်းပို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီကနေ့အထိ အကြောင်းပြန်ဖြေကြားခြင်းမရှိသေးပါဘူး။

ကင်းမရွာမီးလောင်တာ ၂ လကျော်ကြာတဲ့အထိ နိုင်ငံတကာအကူအညီတွေ လာရောက်လှူဒါန်းတာမရှိသေးဘဲ ဒေသခံတွေအနေနဲ့ တောတောင်တွေထဲမှာ ယာယီတဲတွေထိုးပြီးနေထိုင်နေရသလို ပြန်လည် ထူထောင်ရေးကိစ္စတွေမှာ အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။
ပေါက်မြို့ကနေ ၁၄ မိုင်လောက်ဝေးတဲ့ ကင်းမရွာအပါအဝင် အနီးအနားရွာတွေက ရွာသားတွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးအကူအညီတွေ လိုအပ်နေပါတယ်။ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် မြို့ပေါ်သွားသူတချို့ အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ပေါက်မြို့နယ်တောင်ပိုင်းက နယ်ထဲက ရွာတွေမှာက ဒုက္ခတွေ့နေတာက ကျန်းမာရေးကြောင့် ဆေးသွားကုလို့မရဘူး။ ဆေးသွားကုလို့ ပေါက်မြို့နယ် တောင်ပိုင်းက ရွာတွေဆိုရင် ဘာမှမမေးဘူး ဖမ်းပစ်လိုက်တယ် စစ်ကောင်စီက။ အဲ့လိုဖမ်းခံရတာ ဘယ်နှယောက်လောက် ရှိပြီလဲဆိုရင် ၁၀ ယောက်ဝန်းကျင်လောက်ရှိပြီ။ ပုသိမ် မုံရွာလမ်းမှာ အဓိကဖမ်းတာပေါ့။ တချို့ဆို ယာယီဂိတ်တွေရှိတယ်။ သူတို့က ယာယီဂိတ် ပုံမှန်မဟုတ်တဲ့ဟာတွေရှိတယ်။ ပုံမှန်မဟုတ်တဲ့ဂိတ်တွေမှာ ဖမ်းတာရှိတယ်။ ပုံမှန်မဟုတ်တဲ့ဂိတ်တွေမှာ ဖမ်းတာတွေလည်းရှိတယ်။”

ပေါက်မြို့ပေါ် သွားလို့ စစ်တပ်က ဖမ်းဆီးခံရသူတွေထဲမှာ ကင်းမရွာမှာ ပရဟိတ ဆေးကုသပေးနေတဲ့ ဆရာဝန်တယောက်နဲ့ ဆေးအကူတယောက်လည်းပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

သြဂုတ် ၂၄ ရက်ကတော့ ပေါက်မြို့နယ်တောင်ပိုင်းက ဇနီးမောင်နှံနှစ်ဦး ပေါက်မြို့ပေါ် ဆေးခန်းသွားပြချိန်မှာ အမျိုးသားဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ ဖုန်းထဲမှာ PDF အဖွဲ့တွေနဲ့ဆက်သွယ်ထားတဲ့ မသင်္ကာစရာတွေ တွေ့လို့ဖမ်းတာလို့ မိသားစုဝင်တယောက်က ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ သာမာန် လယ်လုပ်သားတဦးသာဖြစ်ပြီး ခုချိန်အထိ မိသားစုနဲ့အဆက်အသွယ် မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။
“လိုင်းထဲမှာတော့ ထိုင်းဘက်ကနေ စာရေးပြီးတော့မှ ပို့ထားတာပေါ့။ မိုင်းထောင်ထားတာတွေရှိတယ်။ ဂရုစိုက်ပေါ့ သွားတာလာတာတွေ ရှိတယ်ပြောတာကို ဟုတ် ဟုတ်လို့ ပြောလိုက်တော့ ဖေ့ဘွတ်အကောင့် မက်ဆင်ဂျာကနေ တွေ့တာလို့ အဲ့လိုပြောတာပေါ့။ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရဘူး။ စစ်တာတော့ ပေါက်ဂိတ်မှာ မိတာ။”

ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေတဝိုက်မှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်တပ်ကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အဲဒီတဝိုက်က ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေလို့ ဒေသခံတွေမှာ မကြာခဏဆိုသလို ထွက်ပြေး တိမ်းရှောင်နေရတာတွေ ရှိနေပါတယ်။

.......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG