သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း အောက်ဆီဂျင်မလုံလောက်မှုနဲ့ ဒုက္ခသည်တွေစားနပ်ရိက္ခာမလုံလောက်မှုကြုံ


ရိက္ခာ အခက်အခဲကြုံနေရတဲ့ ရခိုင်ဒုက္ခသည်စခန်းတခု (ဓာတ်ပုံ - Courtesy)
ရိက္ခာ အခက်အခဲကြုံနေရတဲ့ ရခိုင်ဒုက္ခသည်စခန်းတခု (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

ကိုဗစ်ကူးစက်မှုတွေ သေဆုံးသူတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ လူနာတွေအတွက် အောက်ဆီဂျင် မလုံလောက်တာတွေရှိလာသလို ကပ်ရောဂါအခြေအနေကြောင့် စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာ ကိုအောင်မြတ်သူပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေသလို သေဆုံးသူ ဦးရေဟာလည်း တစ်နေ့ ထက် တစ်နေ့ တိုးလာနေတာလည်းဖြစ်ပါတယ်။ ဒီအချိန်မှာပဲ လူနာတွေအတွက် အောက်ဆီဂျင်ပြတ်လပ်တာတွေပါရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ အောက်ဆီဂျင် စက်ရုံတွေက ထွက်တဲ့ အောက်ဆီဂျင်တွေထက်၊ ကိုဗစ်ကူးစက်ခံရသူတွေ အောက်ဆီဂျင်လိုအပ်သူတွေ ပိုများလာတာကြောင့် အောက်ဆီဂျင်ပြတ်လတ်တာတွေနဲ့ ကြုံတွေ့လာရတာဖြစ်တယ်လို့ လူမှူရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

“ အခုက ရောဂါဖြစ်တဲ့ လူဦးရေက များလာတယ်။ အောက်ဆီဂျင်လိုတာတွေက များလာတဲ့ အချိန်မှာ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေက မနိုင်မနှင်း ဖြစ်လာ တယ်ပေါ့။ အချိန်မှာ ကျနော်တို့ ပြည်မကို အကူအညီတောင်းရတဲ့ အနေအထားမျိုးကို ရောက် သွားတယ်။”

ရခိုင်ပြည်နယ်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေ ရှိလာတာကြောင့် မြောင်းတကာကျေးရွာရှိ တပ်မတော်ပိုင် သံမဏိစက်ရုံနဲ့ ကပစ(ထုံးဘို) တို့ကနေ အောက်ဆီဂျင်တွေ မှာယူနေ ရတယ် လို့လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ် ကောင်စီဖက်က ပြောဆိုထားပါတယ်။

အဲတာကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ ကိုယ်ထူကိုယ်ထ အောက်ဆီဂျင် စက်ရုံတွေ တည်ဆောက်ဖို့ လုပ်ဆောင်နေကြတယ်လို့လည်း လူမှူရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

“ မြို့နယ်တိုင်းလိုလိုက ကိုယ်ထူကိုယ်ထ အောက်ဆီဂျင် စက်ရုံတွေ တည်ဆောင်ဖို့ ကြိုးစား နေကြတာကိုတွေ့ရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အားပေးတာတွေလည်း ရှိတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဒီစစ်တွေမြို့မှာ ဆိုရင် အားနဲ့ မာန်နဲ့ ဝင်ပြီးတော့ ကူတာ ပေါ့နော်။ ပြီးတော့ ဒီစက်တွေကလည်း အလွယ်တကူ ဝယ်လို့ရတဲ့ စက်မဟုတ် ဘူးပေါ့နော်။ နိုင်ငံကို ဖြတ်ကျော်ပြီးတော့ ဝယ်ရတဲ့ အရာဆိုတော့ လတ်တလောကတော့ စက်ရုံကတော့ ပြင်ဆင် ထားရုံလောက်ပဲ ရှိသေးတယ်။ စုံစမ်းကြည့်သလောက် ဆိုရင်တော့ ပြည်ပကနေ စက် ရောက်တဲ့ ဟာကိုတော့ မကြားရသေးဘူးခင်မျာ။”

ကိုဗစ်ကူးစက်မှုတွေ တိုးလာတာနဲ့ အမျှ ပြည်နယ်ကောင်စီဖက်က ကပ်ရောဂါဆိုင်ရာစည်းမျည်းတွေ တင်းကြပ်ထားသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်ကလည်း နှစ်ပတ်တာ Stay at home နေဖို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုကပ်ဘေးကာလအခြေအနေမှာပဲ စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာတွေ ပြတ်လပ်မှုတွေ ရှိနေတယ်လို့လည်း ဒုက္ခသည် တွေကို စားန့်ရိက္ခာ ထောက်ပံ့နေတဲ့ စာရေးဆရာ ဝေဟင်အောင် ကပြောပါတယ်

“ စစ်ရှောင်တွေကတော့ ပိုပြီးတော့ ဒုက္ခရောက်တယ်လို့ ကျနော်တို့မြင်ရတယ်။ အရင်က တော့ ကျနော်တို့ လူမှူအဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ICRC ဖြစ်ဖြစ် WFPဖြစ်ဖြစ် သူတို့တွေက ပေးတဲ့ဟာတွေက သူတို့အတွက် လောက်လောက်ငှငှအခြေအနေမရှိဘူး။ ဒီအချိန်မှာ ဒီလူတွေက ဘာဖြစ်လာလဲဆိုတော့ နီးစပ်ရာရွာတွေ ရှိတယ်ဗျာ။ တစ်ချို့ဆိုရင် တောင်ပေါ် တွေကို သွားရတာရှိတယ်။ ဟင်းရှာ ထင်းရှာ တစ်ချို့ ဆိုရင် အလုပ်သွားလုပ်တာ ရှိတယ်။ အဲဒီကနေ ရတဲ့ မပြောပါးလောက်တဲ့ ငွေကြေးတွေနဲ့ မိသားစု စားဝတ်နေရေး ရပ်တည်နေရတဲ့ အခြေအနေရှိတယ်။ အခုက ကိုဗစ် ဖြစ်နေတော့ တစ်နေရာကနေ တစ်နေရာကို သွားလို့မရ တော့ဘူး။ လူတွေကလည်း တစ်ရွာနဲ့ တစ်ရွာကို လာခွင့်မပြုတော့ဘူး။ အဲဒီအချိန်မှာ သူတို့ အတွက် အတော်ဆင်းရဲ ဒုက္ခရောက်တဲ့ အနေအထားကို ရောက်သွားတယ်။”

မြေပုံမြို့နယ်အတွင်းက လူဦးရေ ၁၀၀၀နီးပါးရှိတဲ့ ကမ်းထောင်းကြီးစစ်ရှောင်စခန်းမှာဆိုရင် ကိုဗစ်ကာလာ စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရှိတာကြောင့် ထမင်းဝအောင်မစားရတဲ့ အခြေအနေ ရောက်သွားတယ်လို့ ကမ်းထမ်းကြီးစစ်ရှောင်စခန်းက ဦးစံလှထွန်းကပြောပါ တယ်။

“ ရိက္ခာက မိုးကလည်း ကြီးတယ်။ နောက်ပြီးတော့ ကိုဗစ်လည်း ဖြစ်နေတော့ လူတွေ က လည်း အလုပ်လုပ်ဖို့ မထွက်ရဘူး။ ထောက်ပံ့သူတွေကလည်း မရောက်ဘူး ဟိုကဒီ ကလည်း မရောက်ဘူး။ အဲဒီတော့ တစ်အိမ်မှာ ဆန်နို့ဆီဘူး ငါးဗူး စားရတဲ့ အိမ်ဆိုရင် သုံး ဗူးပဲစားရ တယ်။ သုံးဗူးစားတဲ့ အိမ်တွေဆိုရင် နှစ်ဗူးပဲစားရတယ်။ အဲဒီအဆင့် ရောက် သွားတယ်။”

ရခိုင်ပြည်နယ်မှာ မနေ့က အထိ ကိုဗစ်ကူးစက်ခံရသူ ၂၇၀၀ကျော်အထိရှိနေပြီး သေဆုံးသူ ၁၈၀ကျော်အထိရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

...................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)














XS
SM
MD
LG