သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်မပြန်ရဲတဲ့ တနင်္သာရီမြို့နယ်က စစ်‌ဘေးရှောင်များ 


တနင်္သာရီဒေသစစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေးပဲ အကူအညီလိုအပ်နေ (စက်တင်ဘာ၊ ၂၀၂၃)
တနင်္သာရီဒေသစစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေးပဲ အကူအညီလိုအပ်နေ (စက်တင်ဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ စုစုပေါင်း ၂၆၀၀၀ ထက်မနည်းရှိပါတယ်။ လက်ရှိတိုက်ပွဲတွေ မဖြစ်တဲ့နေရာမျိုးတွေမှာလည်း လက်နက်ကြီးရန်အပြင်၊ စစ်တပ်တွေ ရွာထဲ မကြာခဏဝင်တတ်တာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲကြဘူးဖြစ်နေပါတယ်။ တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှာင်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေရှိနေတဲ့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မကြာခဏဝင်ရောက်လေ့ရှိတာမို့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၃,၇၀၀ ကျော်ဟာ အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ စစ်ဘေးရှောင်ကူညီသူတွေက သူတို့အတွက် လတ်တလော စားသောက်ရေးအတွက် ထောက်ပံ့နေပြီး၊ အကူအညီတွေထပ်ပြီး လိုအပ်နေတယ်လို့ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကိုဖြိုးက ပြောပါတယ်။

"စားဝတ်နေရေးနဲ့ ဆေးဝါးက အဓိကလိုအပ်တယ်။ သူတို့နေရာမှာ သူတို့စစ်ရှောင်နေတာတော့ မဟုတ်ဘူးခင်ဗျ။ တခြားနေရာမှာ အစုလိုက် အစုလိုက် တဲတွေထိုးပြီးနေတယ်။ စစ်ရှောင်စခန်း ပုံစံမျိုးပေါ့။ အစုလိုက် တဲထိုးတယ်။ တဲထိုးပြီးတော့ အဲလိုပဲနေ နေကြတာခင်ဗျ။"

အနောက်မော်တုန်းနဲ့ ဘန်လောကျေးရွာ အုပ်စုတွေဆီ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန်မှာ ထွက်ပြေးကြသူတွေနဲ့ အနီးဝန်းကျင်က ကျေးရွာဒေသခံတွေလည်း နေရပ်စွန့်ပြီး တခြားမှာ ပုန်းခိုနေကြတာပါ။ အခုလက်ရှိ ထိတွေ့တိုက်ပွဲ မရှိတော့ပေမယ့်လည်း ဒေသခံတွေဟာ စိုးရိမ်စိတ်ကြောင့် ရွာထဲပြန်မဝင်ရဲတဲ့ အ​ခြေအနေကို ကိုဖြိုးက အခုလိုပြောပြပါတယ်။

"အခု ကျနော်ပြောနေတာ ကားလမ်းမ ဘုရားအနီးက ဘေးပြောင်းပြီးနေတဲ့ သူတွေကများတယ်။ သူတို့ရွာတွေက အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တဲ့ အခြေအနေရှိတယ်။ ပြီးတော့ သူတို့ရွာတွေထဲမှာ စကစဘက်က ဝင်ဖမ်းတာတို့၊ ဝင်မဖမ်းရင်လည်း လက်နက်ကြီးနဲ့ လိုက်ထောက်တာတို့။ အဲဒါမျိုးတွေက ခဏခဏလုပ်နေတာ ဆိုတော့လေ သူတို့နေအိမ် ဝင်နေလို့အဆင်မပြေဘူး အဲလိုဖြစ်နေတယ်။ လက်လှမ်းမမီီတဲ့ လာနေကြတဲ့ စစ်ရှောင်တွေလည်း အများကြီးရှိတယ်။ စာရင်းလည်းမရောက်၊ သွားလို့လည်းမရတဲ့ အနေအထားတွေ ရှိကြတယ်။"

ဘန်လောကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေအပေါ် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တနင်္သာရီမြို့နယ်ထဲက တချို့စစ်ဘေးရှောင်နေသူတချို့ဆိုရင် နေအိမ်တွေကို မပြန်နိုင်တာ ၃ လလောက်ရှိနေကြပါပြီ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ရှိလာတာကြောင့် တနင်္သာရီတိုင်းထဲက မြို့တွေပေါ်မှာ စစ်ကောင်စီဘက်က ဒေသခံတွေကို ခေါ်ယူစစ်ဆေးတာနဲ့ ဧည့်စာရင်းစစ်တာမျိုးတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ ရေကြောင်းသွားလာခွင့်ကိုလည်း ကန့်သတ်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG