သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာ ၅,၀၀၀ ကျော် မဏိပူရပြည်နယ် မှတ်တမ်းယူထား


အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ် မိုးရေးမြို့။ (photo: C J B)
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ် မိုးရေးမြို့။ (photo: C J B)

အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်၊ Kamjong ခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူ ၅,၄၅၇ ဦး ရှိပြီး အဲဒီထဲက ရွှေ့ပြောင်းနေထိုင်သူ ၅,၁၇၃ ဦးရဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီး ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဗီရမ် ဆင်း (Biren Singh) က ဗုဒ္ဓဟူးနေ့မှာ လူမှုကွန်ရက် X မှာ ပြောပါတယ်။

ဒါဟာ မေလ ၇ ရက်နေ့အထိ စာရင်းဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို နှင်ထုတ်တဲ့လုပ်ငန်းစဥ်တွေ ဆက်လက်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအားလုံးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများတွေပေးနေတယ်လို့ ဝန်ကြီးချုပ် ဗီရမ် ဆင်းက ပြောပါတယ်။ ဒါဟာ စိုးရိမ်စရာအခြေအနေဖြစ်ပေမယ့် ထိရှလွယ်လို့ သတိပြုကိုင်တွယ်ဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။ ဝန်ကြီးချုပ် ဗီရမ် ဆင်းဟာ အရင်လတုန်းကလည်း ဒေသတွင်းမှာ တရားမဝင်နေထိုင်သူတွေနဲ့ ရွာသစ် ၉၉၆ ရွာ ပေါ်ပေါက်လာတာကို ထောက်ပြခဲ့ဖူးပြီး ဒါဟာ “ဒေသခံ ဌာနတိုင်းရင်းသားတွေနဲ့ နိုင်ငံတော် လုံခြုံရေး” ကို ခြိမ်းခြောက်မှုအဖြစ် ညွှန်းဆိုခဲ့ပါသေးတယ်။ သိပ်မကြာသေးခင်တုန်းကလည်း အတိုက်အခံတွေရဲ့ လွှတ်တော်တွင်း မေးမြန်းချက်ကို ဝန်ကြီးချုပ် ဗီရမ် ဆင်း (Biren Singh) က ဖြေကြားရာမှာ မနှစ် မေလ ၃ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ ပြည်နယ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၆,၇၄၆ ဦး ရှိတယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်တုန်းကတော့ မဏိပူရအစိုးရဟာ တရားမဝင် ဝင်လာသူတွေ ပြန်ပို့ရေး ပထမအဆင့်အနေနဲ့ တန်နူပယ်လ်ခရိုင်ထဲက မိုးရေး-တမူး နယ်စပ်ကတဆင့် လူ ၃၈ ဦးကို မြန်မာဘက်ပြန်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မိုရေးမြို့က အင်ဖာနိုင်ငံတကာလေဆိပ်ကတဆင့်လည်း အမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံသား ခုနစ်ဦးကို ပြန်ပို့ခဲ့တယ်ဆိုတဲ့သတင်းတွေ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြခဲ့ကြဖူးပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံဘက် နယ်စပ် ဖြတ်ကျော်ထွက်ပြေးမှုတွေ အမြောက်အမြား ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG