သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်နေရပ်ပြန်ဖို့ကြိုးစားသူ ၅၀ကျော်ဖမ်းဆီးခံရ


မနေ့ညကဖမ်းမိတဲ့မြန်မာနိုငံသား ၅၁ဦး (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)
မနေ့ညကဖမ်းမိတဲ့မြန်မာနိုငံသား ၅၁ဦး (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)

(Zawgyi/Unicode)

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက် တရားမဝင် ပြန်သွားဖို့ ကြိုးစားသူ ၅၀ ကျော်ကို ထိုင်းမြန်မာနယ်စပ် တောတခုထဲမှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှာ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အပြင် အနီရောင်အဆင့်သတ်မှတ်ထားတဲ့ ပြည်နယ်တွေမှာ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သားတွေ သွားလာမှုကို ကန့်သတ်ထားချိန် ခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ခုလို ထိုင်းကနေ မြန်မာဘက် ပြန်သူတွေသာမက မြန်မာဘက်ကနေ ထိုင်းဘက် တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူ ၁၀ ယောက်ကျော်လည်း ဖမ်းဆီးခံရပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပါတယ်။

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းနိုင်ငံက မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထားတဲ့အပြင် အနီရောင်အဆင့် သတ်မှတ်ထားတဲ့ ပြည်နယ် ၂၉ ခုမှာ တနေရာကနေ တနေရာကို သွားလာခွင့်တွေသတ်မှတ်ထားပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ခရီးသွားခွင့် တားမြစ်ထားပါတယ်။ ဒီလိုအခြေအနေမှာပဲ စက်တက်ဘာလ ၆ ရက်ညက မြန်မာနိုင်ငံဘက် တရားမဝင် ပြန်သွားမယ့်သူ ၅၀ ကျော်ကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ စမုတ်ပရာကန်ပြည်နယ်ကနေလာကြသူတွေဖြစ်ပြီး နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ ဖါ့ဝါကျေးရွာအနီးက သစ်တောထဲမှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲက ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

"ဖမ်းဆီးခံထိသူတွေက မနေ့ညက ထူးထူးခြားခြားပဲ။ ခိုးဝင်မဟုတ်ပဲ ထိုင်းက ပြည်တော်ပြန်ခရီးမှာ ဖမ်းခံရတာ တရားမဝင်ပြန်တာပေါ့။ တရားမဝင်လမ်းကြောင်းကနေ ပြန်တာ ၅၁ဦးပါ။ ထိုင်းကမဲဆောက်မြိုနယ်ထဲက ဖါ့ဝေါဆိုတဲ့ကျေးရွာဘက်က သစ်တောမှာဖမ်းမိတာပါ။ မြန်မာပြည်ဘက်ကိုကူးဖို့စောင့်နေကြတဲ့အချိန်ပေါ့။ တောထဲမှာကင်းလှည့်တပ်စုနဲ့တွေ့တော့ တောထဲမှာပုန်းနေချိန် ထွက်ပြေးဖို့ကြိုးစားကြတယ်။ ထိုင်းစစ်တပ်က ဝိုင်းဖမ်းတော့ ဖမ်းမိသွားတာပါ။ သူတို့က စမုတ်ပရာကန်ခရိုင်ကလာတာ ကိုဗစ်ကြောင့်အလုပ်လက်မဲ့ဖြစ်လို့ မဖြစ်မနေ ပြန်ကြတဲ့ မြန်မာနိုင်ငံသားတွေပါ။ အမျိုးသား ၃၄ ဦး အမျိုးသမီး ၁၇ ဦးပါ။ ဒီနေ့မှာလည်း မြန်မာပြည်သား ၁၂ ဦးဖမ်းဆီးခံထိတယ်။ မဲဆောက်မြို့နယ်ထဲမှာ အဲဒါက ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံထဲက နေ တရားမဝင် ခိုးဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ထိုင်းနယ်ခြားစောင့်တပ်တွေကဖမ်းမိတာပါ။"

တနင်္လာနေ့ညက ဖမ်းမိတဲ့ ၅၁ ဦးရော ဒီနေ့ အင်္ဂါနေ့မနက်မှာ ဖမ်းမိတဲ့သူတွေပါ အရေးပေါ်ဥပဒေတွေနဲ့အရေးယူခံရမှာပါ။
အခုထိုင်းဘက်ကနေ မြန်မာဘက် တရားမဝင် ပြန်သွားဖို့ ကြိုးစားသူနဲ့ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမဝင်ခိုးဝင်ဖို့ ကြိုးစားသူ စုစုပေါင်း ၈၀ ကျော်ကို ထိုင်း နယ်စပ်လုံခြုံရေးတွေက အခုရက်ပိုင်းမှာ ဖမ်းမိတာဖြစ်ပါတယ်။

"အခုကတော့ဟိုရက်အတွင်းမှာဖမ်းမိတာက ၁၉ ဦးချောင်းကိုဖြတ်ကူးတာက ၆ ဦး ဖမ်းဆီးခံထိသူတွေက ဒီ၂ ရက်အတွက်မှာ ၈၀ကျော်ရှိသွားပါပြီ ။"

မလေးရှားနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းကနေ မလေးရှားနိုင်ငံကို တရားမဝင်သွားဖို့ ကြိုးစားတဲ့ မြန်မာ ၁၀ ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့က ဟိုတယ်တခုမှာ တနင်္လာနေ့က ဝင်ရောက်ဖမ်းဆီးပါတယ်။ ဖမ်းမိသူတွေကို ကိုဗစ်စစ်ဆေးရာမှာ မြန်မာတဦးက ကိုဗစ်ဖြစ်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံထဲမှာ ကိုဗစ်အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်လို့ နယ်စပ်တွေကနေ တရားမဝင် နေရပ်ပြန်ဖို့ကြိုးစားသူတွေ၊ ထိုင်းနိုင်ငံဘက်မှာ အလုပ်ရှာဖို့ တရားမဝင်လာကြသူတွေကို ထိုင်းလုံခြုံရေးတွေ ဖမ်းမိတာ တနှစ်အတွင်းမှာ ၄ ေ သာင်းကျော်ရှိတယ်လို့ ထိုင်းနိုင်ငံဗစ်ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲက ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ နယ်စပ်တွေမှာ ဖမ်းမိသူတွေက ၃သောင်းခွဲကျော်၊ ထိုင်းနိုင်ငံတွင်းမှာပဲ ဖမ်းမိသူ ၁ သောင်းကျော်ရှိပြီး အများစုက မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်ရှင်။

...................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG