(Zawgyi /Unicode)
အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ သောင်းနဲ့ချီတဲ့ အာဖဂန်ဝန်ထမ်းတွေနဲ့ မိသားစုတွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီး ကယ်ထုတ်ဖို့ ဆိုတာက လက်တွေ့ မဖြစ်နိုင်ကြောင်း EU ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Josep Borrell က စနေနေ့မှာ သတိပေးပါတယ်။
ကာဘူးလ် လေဆိပ်မှာ အမေရိကန်ဘက်က လုံခြုံရေး အထူး တင်းကြပ်ထားတာကြောင့် ဥရောပ နိုင်ငံတွေ အတွက် အလုပ်ခဲ့ကြတဲ့ အာဖဂန်တွေ ဝင်ရောက်နိုင်ရေး အခက်အခဲ တွေ့နေရတဲ့ အခြေအနေကိုလည်း အမေရိကန်တွေကို ပြောဆိုထားတဲ့ အကြောင်း မစ္စတာ Borrell က AFP နဲ့ တယ်လီဖုန်း ဆက်သွယ် မေးမြန်းမှု အတွင်း ပြောဆိုခဲ့ပါတယ်။
အာဖဂန်ကနေ အမေရိကန် တပ်ဖွဲ့တွေကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းမယ့် အကြောင်း အမေရိကန်က ကြေညာထားပေမယ့်လည်း လေယာဉ်နဲ့ ကယ်ထုတ်တဲ့ လုပ်ငန်းစဉ်ကိုတော့ အချိန်တိုးကောင်း တိုးနိုင်တယ်လို့ သမ္မတ Joe Biden က ပြောဆိုထားတာပါ။
ကာဘူးလ် လေဆိပ်ကို အမေရိကန် စစ်တပ်က လက်ရှိ ထိန်းချုပ်ထားပြီး လေကြောင်း ပျံသန်းမှုကိုပါ ထိန်းချုပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး နေဖို့ အမေရိကန်တွေဘက်က ပြောမထားသေးကြောင်း၊ ဒါပေမယ့်လည်း အမေရိကန်တွေ ဘက်က စဉ်းစားချက် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ကြောင်း EU ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Borrell က ပြောပါတယ်။
အခုကနေ သြဂုတ်လကုန်ပိုင်း အတွင်း လူပေါင်း ၆၀,၀၀၀ လောက်ကို ကယ်ထုတ်လိုနေပေမယ့်လည်း လက်တွေ့မှာတော့ မဖြစ်နိုင်ကြောင်းလည်း သူက ထပ်လောင်း ပြောပါတယ်။
(Unicode)