သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ဒုတိယလှိုင်း ရိုက်ခတ်ခံနေရတဲ့ အိန္ဒိယနိုင်ငံ


(Zawgyi/Unicode)

မကြာသေးခင်ရက်တွေအတွင်း ကိုဗစ်ရောဂါပိုး နေ့စဉ်ကူးစက်မှုနှုန်း တိုးလာတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ကပ်ရောဂါကူးစက်မှု အချက်အခြာ နေရာတခုဖြစ်လာနေပါတယ်။ ရောဂါကူးစက်မှုတွေ သီတင်းပတ်နဲ့ချီ ကျဆင်းလာခဲ့ပြီးမှ တကျော့ပြန် ကူးစက်မှုတွေ ကြုံနေရတာပါ။

ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် ကမ္ဘာမှာ ကာကွယ်ဆေး အများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှုတွေလည်း ကျဆင်းလာနေပါတယ်။ ဒီနှစ်ဆန်းမှာတုန်းက ကပ်ရောဂါကူးစက်မှုဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကာကွယ်ရေး အစီအမံတွေကို လျှော့ချလိုက်တာကြောင့် လူဦးရေထူထပ်တဲ့ တိုင်းပြည်မှာ တကျော့ပြန် ကူးစက်မှုတွေ ကြုံရတာလို့လည်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ဒေသန္တရရွေးကောက်ပွဲတွေအတွက် ပြည်နယ် ၅ ခုမှာ စည်းရုံးလှုပ်ရှားမှုတွေအတွင်း လူစုလူဝေးလုပ်ခဲ့ကြပြီး အများစုကလည်း နှာခေါင်းစည်း အကာအကွယ်တွေ မသုံးခဲ့ကြပါဘူး။ နိုင်ငံမြောက်ပိုင်း Uttarakhand ပြည်နယ်မှာလည်း ဟိန္ဒူဘာသာဝင်တွေရဲ့ အစဉ်အလာ ယုံကြည်ချက်အရ ဂင်္ဂါမြစ်ထဲမှာ စင်ကြယ်အောင် ဆေးကြောတဲ့ အနေနဲ့ နေ့စဉ် လူပေါင်းရာနဲ့ချီ စုဝေးကြတဲ့ တလကြာ ဘာသာရေး အခမ်းအနားတွေ ကျင်းပနေသလို၊ မင်္ဂလာဆောင်တွေ၊ မိသားစု အခမ်းအနားတွေကိုလည်း လူစုလူဝေးတွေနဲ့ ကျင်းပနေကြတာပါ။

စီးပွားရေးအချက်အခြာ မွမ်ဘိုင်းမြို့မှာ ဆိုရင်လည်း ကိုဗစ်ရောဂါပိုး ကူးစက်သူ အများဆုံး အတည်ပြုတဲ့နေ့ မတိုင်ခင် တရက်မှာပဲ ဈေးတွေ၊ ရထားတွေ၊ ကမ်းခြေတွေမှာ လူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ရောဂါကူးစက်မှုတွေ ပြန်တိုးလာရာက ဒီတပတ်ထဲမှာပဲ အိန္ဒိယမှာ ပထမဆုံးအကြိမ်အဖြစ် ကူးစက်သူ တနေ့တည်းမှာ တသိန်းကျော်သွားပါတယ်။ ဗုဒ္ဓဟူးနေ့က ကူးစက်သူ ၁၁၅,၇၃၆ ယောက် အတည်ပြုခဲ့တဲ့အတွက် အိန္ဒိယမှာ ကပ်ရောဂါကြုံရချိန်ကစလို့ အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG