သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှ ချင်းပြည်နယ်ထဲ တရားမဝင်ခိုးဝင်သူ ၁၂ ဦး ဖမ်းဆီး


အိန္ဒိယ- မြန်မာနယ်စပ်
အိန္ဒိယ- မြန်မာနယ်စပ်

အိန္ဒိယ- မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၁၂ဦးနဲ့ လမ်းပြ ၂ယောက်ဒီကနေ့ မနက်မှာ ဖမ်းဆီးလိုက်ပါတယ်။ တရားမဝင်ခိုးဝင်လာသူတွေဟာ မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ဖို့ လာရောက်တာဖြစ်ကြောင်းနဲ့ သူတို့ကို လဝက ဥပဒေနဲ့ အရေးယူထားကြောင်း ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ခိုးဝင်လာသူတွေကို အိန္ဒိယ- မြန်မာနယ်စပ်တံတားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ လုံခြုံရေးအဖွဲ့တွေက ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူးဦးလာလ်ပက်လောမ်မာက အခုလို ပြောပါတယ်။

“ ဒီမနက် ၄နာရီခွဲမှာပေါ့နော်။ အိန္ဒိယမြန်မာနယ်စပ်တံတားမှာပေါ့။ သူတို့က အိန္ဒိယဘက်ကနေ ဖြတ်လာတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပေါ့။ သူတို့ ၁၂မိတယ်။ သူတို့က တရား မဝင် ဝင်ရောက်လာတာပေါ့နော်။ ဘာအထောက်အထားမှ မကိုင်ဘဲနဲ့။ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို ဝင်လာတာ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ယောက်၊ ပြီးတော့ လမ်းပြလို့ ပြောရမလား ခေါ်ဆောင်လာတဲ့သူ မြန်မာနိုင်ငံသား၂ယောက်၊ အားလုံးပေါင်း ၁၄ယောက်။ ၄နာရီခွဲမှာ အိန္ဒိယဘက်ကနေ ဝင်လာတယ်။ ဝင်လာပြီးတော့ ဖမ်းတယ်။ အခုလောလောဆည်တော့ ရဲစခန်းမှာ ထိန်းထားတယ်။”

ရိခေါဒါရ်မြို့ အိန္ဒိယမြန်မာချစ်ကြည်ရေးတံတားဟာ မနက် ၆နာရီနဲ့ ည၆နာရီအတွင်းသာ ဖြတ်သန်းခွင့်ပြုတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူထားကြောင်း နဲ့ သူတို့ဟာ မြန်မာပြည်ကတဆင့် မလေးရှားနိုင်ငံကိုသွားရောက်ဖို့ လို့ အစစ်ဆေးခံကြောင်း ရိခေါဒါရ်မြို့နယ်မြေရဲစခန်းမှုး ရဲအုပ်ဇော်ဇော်ကျော်က ပြောပါတယ်။

“ သူတို့ကို လဝက ၁၃/၁ နဲ့ အရေးယူထားပါတယ်။ ဘယ်လိုအကြောင်းကြောင်းလည်းဆိုတော့ မလေးကို သွားမှာတဲ့။ မလေးမှာ အလုပ်သွားလုပ်ချင်တာတဲ့။”

ဖမ်းဆီးရမိသူ ၁၂ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသက တောင်ပေါ်သားတွေဖြစ်ပြီး ရခိုင်စကားနဲ့နီးစပ်တဲ့ ဘာသာစကားကို ပြောဆိုတယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသား ရခိုင်လူငယ် ၅ယောက်ကို ချင်းပြည်နယ် တီးတိန်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြားအတုသာမက အိန္ဒိယနိုင်ငံမှတ်ပုံတင်အတုတွေပါ ကိုင်ဆောင်ထားတာကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG