သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယလေယာဉ်တစင်း ပြေးလမ်းချော် ပျက်စီးတာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံး


ပျက်ကျခဲ့တဲ့ Air India Express လေယာဉ်အနီး စစ်ဆေးနေတဲ့ တာဝန်ရှိသူများ။ (သြဂုတ် ၈၊ ၂၀၂၀)
ပျက်ကျခဲ့တဲ့ Air India Express လေယာဉ်အနီး စစ်ဆေးနေတဲ့ တာဝန်ရှိသူများ။ (သြဂုတ် ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ခရီးသည်တင်လေယာဉ်တစင်း ပြေးလမ်းပေါ် ဆင်းတဲ့အချိန် လမ်းချော်ပြီး ပြေးလမ်းဘေးက တောင်စောင်းထဲကို ထိုးကျ ပျက်စီးသွားတာကြောင့် လူ ၁၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၂၅ ယောက်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

Air India Express လေကြောင်းလိုင်းက Boeing 737 ခရီးသည်တင် လေယာဉ်ဟာ ဒူဘိုင်းကနေ Kerala ပြည်နယ် Kozhikode မြို့နားက Calicut လေဆိပ်ကို ဒေသစံတော်ချိန် သောကြာနေ့ ည ၇ နာရီ ၄၀ မှာ ဆင်းသက်ချိန် မိုးသည်းထန်စွာ ရွာနေတာကြောင့် အခုလို ပြေးလမ်းချော်ပြီး ပျက်ကျသွားတာဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ဆင်းချိန်မှာ ရာသီဥတု မကောင်းတာကြောင့် လေယာဉ်က ဒုတိယအကြိမ် ဆင်းဖို့လုပ်ခဲ့စဉ်မှာ အခုလို ပြေးလမ်းချော်သွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ ခေါင်းပိုင်း မြေကြီးနဲ့ တိုက်မိတာကြောင့် လေယာဉ်ရဲ့ ကိုယ်ထည်ဟာ ထက်ပိုင်းကျိုးသွားခဲ့ပြီး တခုနဲ့တခု မီတာအတော်လေး ဝေးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချို့မျက်မြင်တွေကတော့ လေယာဉ်ဟာ ၃ ပိုင်း ကျိုးသွားခဲ့တယ်ဆိုပြီး ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လေယာဉ်ကွင်းဟာ ကုန်းမြင့်တခုပေါ်မှာ ရှိတာကြောင့် သူ့ရဲ့ပြေးလမ်းဟာလည်း အမြင့်ပိုင်းမှာရှိနေပြီး လေယာဉ် ပြေးလမ်းအဆုံး နှစ်ဖက်က တောင်စောင်းက အနည်းငယ် မတ်စောက်နေတာ ဖြစ်ပါတယ်။ အခုလို လေယာဉ်မတော်တဆ ဖြစ်မှုကြောင့် လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက အများအပြားဟာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။

ဒီလေယာဉ်ဟာ COVID-19 ကြောင့် ပြီးခဲ့တဲ့ မတ်လကစပြီး နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို အိန္ဒိယက ပိတ်ထားတာကြောင့် ပြည်ပမှာ ပိတ်မိနေတဲ့သူတွေကို ဒူဘိုင်းကနေ တင်ဆောင်ပြီး အိန္ဒိယနိုင်ငံကို ပြန်ခေါ်လာတဲ့ လေယာဉ် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၆ ဦး အပါအဝင် လူ ၁၉၀ ပါဝင်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)








XS
SM
MD
LG