သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံကို ၃ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi ဟာ မနေ့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း အတွင်း အိန္ဒိယနွယ်ဖွား၊ မြန်မာနိုင်ငံသား တွေနဲ့ တွေ့ဆုံပွဲတခု ကျင်းပခဲ့ပါတယ်။

သူ့အနေနဲ့ သမိုင်းအစဉ်အလာ ကြီးမားပြီး ဘာသာရေး အရ အရေးပါလှတဲ့ ရန်ကုန်မြို့ကို လည်ပတ်ခွင့် ရတဲ့အတွက် အထူး ၀မ်းသာမိကြောင်း တွေ့ဆုံမှု အတွင်း ပြောကြားလိုက်ပြီး အိန္ဒိယ-မြန်မာ ဆက်ဆံရေးဟာ သူ့အဆိုရ 5 Bs လို့ခေါ်တဲ့ B နဲ့စတဲ့ စကားလုံး ၅ ရပ်အပေါ် အခြေခံထားကြောင်း၊ ဒါပေမယ့်လည်း အဲဒီ ဘီ ၅ ခုထဲမှာ အရေးပါတဲ့ ဘီ တခု လစ်လပ်နေကြောင်း တက်ရောက်လာတဲ့ လူထုကြီးကို ၀န်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

သူပြောတဲ့ ဘီ ၅ ဘီဆိုတာကတော့ Buddhism ဗုဒ္ဓဘာသာ၊ Business စီးပွားရေး၊ Bollywood ဘောလိဝုဒ် လို့ခေါ်တဲ့ အိန္ဒိယ ရုပ်ရှင်တွေ၊ Bharatnatyam လို့ခေါ်တဲ့ အိန္ဒိယ ဂန္ဓ၀င်အကနဲ့ Burma Teak မြန်မာနိုင်ငံက ကျွန်းသစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၀န်ကြီးချုပ် မိုဒီပြောတဲ့ လစ်လပ်နေတဲ့ ဘီ တခုကတော့ Bharos လို့ခေါ်တဲ့ ယုံကြည်မှု ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အင်္ဂလိပ် ကိုလိုနီ လက်အောက် လွတ်မြောက်ရေး အတွက် အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ အတူတကွ ကြိုးစားခဲ့ကြတဲ့ သမိုင်း အစဉ်အလာ ကြီးမားခဲ့ကြပုံကိုလည်း တက်ရောက်တဲ့ ပရိတ်သတ်ကြီးကို ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ အိန္ဒိယနွယ်ဖွားတွေကို ရန်ကုန်မြို့မှာ အခုလို တစုတဝေးထဲ တွေ့ဆုံခွင့်ရတာဟာ အိန္ဒိယနိုင်ငံငယ်လေးကို ရောက်နေသလို ခံစားရကြောင်း မြန်မာနိုင်ငံအတွင်း အိန္ဒိယနွယ်ဖွားတွေ များပြားတဲ့ အခြေအနေကို တင်စား ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်း တုန်းကတော့ ၀န်ကြီးချုပ် မိုဒီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပတာမှာ မြန်မာပြည်တွင်းမှာ အကြမ်းဖက်ဝါဒ လုံးဝ အမြစ်မတွယ်နိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အကြမ်းဖက် တွေရဲ့ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရချိန်မှာ အိန္ဒိယအနေနဲ့ မြန်မာနဲ့ အတူ အခိုင်အမာ ရပ်တည်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပူးတွဲ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကတော့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေ အပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ ပြောဆိုသွားတာပါ။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာနဲ့ အိန္ဒိယ အစိုးရကြား ကာကွယ်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး စတဲ့ ကိစ္စတွေနဲ့ ဆက်စပ်တဲ့ နှစ်နိုင်ငံ သဘောတူ ညီမှု စာချုပ် (၁၁) ခု ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို လာရောက်လိုတဲ့ မြန်မာ နိုင်ငံသားတွေကို ဗီဇာကင်း လွတ်ခွင့် ပေးလိုက်ပြီ ဖြစ်သလို အိန္ဒိယ အကျဉ်းထောင်တွေထဲမှာ ကျရောက်နေတဲ့ မြန်မာနိုင်ငံသား အယောက် (၄၀) ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဒီက သူ့ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့မြန်မာပြည် ပထမဆုံး ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် စီးပွားရေး လုပ်ငန်းရှင်တွေ၊ အိန္ဒိယနွယ်ဖွား တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG