သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံ ဆန္ဒပြဆေးဝန်ထမ်းနဲ့ဆရာဝန်တွေ အလုပ်ခွင်ပြန်ဝင်ဖို့ ငြင်းဆန်


လုပ်ငန်းခွင်မှာ အဓမ္မကျင့်သတ်ဖြတ်ခံရတဲ့ဆေးဝန်ထမ်းတဦးအရေး ဆန္ဒပြနေကြတဲ့ အိန္ဒိယဆေးဝန်ထမ်းများ။ (သြဂုတ် ၁၇၊ ၂၀၂၄)
လုပ်ငန်းခွင်မှာ အဓမ္မကျင့်သတ်ဖြတ်ခံရတဲ့ဆေးဝန်ထမ်းတဦးအရေး ဆန္ဒပြနေကြတဲ့ အိန္ဒိယဆေးဝန်ထမ်းများ။ (သြဂုတ် ၁၇၊ ၂၀၂၄)

အိန္ဒိယနိုင်ငံက ဆန္ဒပြနေကြတဲ့ ထောင်နဲ့ချီတဲ့ဆရာဝန်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အစိုးရရဲ့တိုက်တွန်းချက်ကို တနင်္လာနေ့မှာ ငြင်းဆန်လိုက် ပါတယ်။ ဒီလအစောပိုင်းကလုပ်ငန်းခွင်မှာ မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ဆေးဝန်ထမ်းတဦးအတွက် တရားမျှတမှုရရေးနဲ့ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်အခြေအနေဖန်တီးပေးဖို့ ဆရာဝန်တွေ တောင်းဆိုဆန္ဒပြနေကြတာပါ။

သြဂုတ် ၉ ရက်နေ့က အသက် ၃၁ နှစ်အရွယ် အလုပ်သင်ဆေးမှူးတဦးကို မုဒိန်းကျင့်သတ်ဖြတ်ခံရပြီးတဲ့နောက် နိုင်ငံတဝန်းက ကျန်းမာရေး ဝန်ထမ်းတွေက အရေးပေါ်မဟုတ်တဲ့လူနာတွေကို စောင့်ရှောက်မှုတွေရပ်ပစ်လိုက်ပြီး ဆီမီးထွန်း ချီတက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ နိုင်ငံ့အရှေ့ပိုင်း ကလကတ္တားမြို့က အစိုးရဆေးရုံလုပ်ငန်းခွင်မှာ အခင်းဖြစ်ပွါးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆေးရုံမှာ တာဝန်ကျတဲ့ ရဲလုပ်အားပေးတပ်သားတယောက်ကို ဒီပြစ်မှုအတွက် ဖမ်းဆီးအရေးယူထားပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ နောက်ထပ်လူတွေပါဝင်ပတ်သက်နေတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက စွပ်စွဲပြောဆိုပါတယ်။ ​၂၀၁၂ ခုနှစ်က သွားနေတဲ့ဘတ်စ်ကားတစီးပေါ်မှာ အသက် ၂၃ နှစ်အရွယ်ကျောင်းသူတဦး အုပ်စုဖွဲ့ မုဒိန်းကျင့်သတ်ဖြတ်ခံရပြီးတဲ့နောက် တင်းကြပ်တဲ့ ဥပဒေတွေ ချမှတ်ခဲ့တဲ့ကြားက အိန္ဒိယကအမျိုးသမီးတွေ ခုလိုဖြစ်ရပ်နဲ့ ကြုံနေရတာကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဘယ်လိုရာဇဝတ်မှုမျိုးကိုမဆို အာမခံမပေးဖို့အပါအဝင် ဆေးရုံဆေးခန်းတွေမှာ လုံခြုံရေးတိုးမြှင့်ပေးဖို့နဲ့ တာဝန်ကျဆေးဝန်ထမ်းတွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပိုမိုတင်းကြပ်တဲ့ဥပဒေတွေချမှတ်ပေးဖို့ ဆန္ဒပြသူတွေတောင်းဆိုနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG