သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မီးသွေးလျှော့သုံးဖို့ COP26 သဘောတူညီချက် အိန္ဒိယတုံ့ပြန်မှု


အိန္ဒိယမှာ ထရပ်ကားပေါ် ကျောက်မီးသွေး တင်နေတဲ့ အလုပ်သမားများ။ (စက်တင်ဘာ ၂၄၊ ၂၀၂၁)
အိန္ဒိယမှာ ထရပ်ကားပေါ် ကျောက်မီးသွေး တင်နေတဲ့ အလုပ်သမားများ။ (စက်တင်ဘာ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကပ်ဘေးကြီးတွေ၊ ရောဂါဘယတွေ ထိန်းမနိုင်အောင် ဖြစ်လာမယ့်အရေး ကာကွယ်တားဆီးဖို့ ကမ္ဘာ့နိုင်ငံစုံ ပူပေါင်းလုပ်ကိုင်နေတာမှာ ဖန်လုံအိမ်ဓာတ်ငွေ့ အဓိက ထုတ်လွှတ်နေတဲ့ ကျောက်မီးသွေးကို ထုတ်လုပ်အသုံးပြုတာ လုံးဝရပ်ပစ်ဖို့ တောင်းဆိုသံတွေ တိုးလာပါတယ်။ ဗြိတိန်နိုင်ငံမှာ နိုဝင်ဘာလတွင်း ကျင်းပခဲ့တဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံပါ သဘောတူညီချက်မှာတော့ ကျောက်မီးသွေးတွေကို လုံးဝရပ်ပစ်မယ့်အစား လျှော့ချအသုံးပြုဖို့ သတ်မှတ်ခဲ့ပါတယ်။ ကျောက်မီးသွေးကို အားကိုးနေရပြီး လေထုညစ်ညမ်းမှုနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အိန္ဒိယပြည်သူတွေအနေနဲ့ COP26 စာချုပ်ကို ဘယ်လိုသဘောရကြပါသလဲ။ အေပီသတင်းကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကမ္ဘာမှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ လောင်စာလိုအပ်ချက်တွေဟာ လာမယ့် ဆယ်စုနှစ်အတွင်း အခြားနိုင်ငံတွေထက် တရှိန်ထိုး တက်လာမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီလိုအပ်ချက်ကိုလည်း ညစ်ညမ်းလေထု အများဆုံးထွက်တဲ့ ကျောက်မီးသွေးတွေက ရမယ့်ပုံရှိပါတယ်။ အိန္ဒိယမှာ လေထုညစ်ညမ်းမှုနဲ့ အပြင်းအထန် ရင်ဆိုင်နေရတာဟာလည်း အဲဒီက စက်မှုလုပ်ငန်းထွက် လေထုညစ်ညမ်းမှုတွေကို ထိန်းချုပ်တဲ့ နည်းပညာတွေလည်း မရှိတာနဲ့ ဆက်စပ်နေပါတယ်။

လေထုညစ်ညမ်းပြီး မွန်းကြပ်နေတဲ့ အိန္ဒိယနိုင်ငံထဲက မြို့ကြီးတွေထဲမှာ နယူးဒေလီမြို့ကတော့ နှစ်စဉ် ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ ဆောင်းတွင်းရောက်လို့ ရာသီဥတု အေးလာတဲ့အခါ ဘေးချင်းကပ်ရက်က ပြည်နယ်တွေကနေ လူသေအလောင်းတွေ မီးရှို့ရာက ထွက်လာတဲ့ မီးခိုးတွေက လေထုထဲမှာ ပိတ်ဆို့လာတတ်ပါတယ်။

အဲဒီမီးခိုးတွေက လူဦးရေ သန်းပေါင်း ၂၀ လောက်ရှိတဲ့ နယူးဒေလီမြို့ထိ ရောက်လာတာပါ။ ဒါကြောင့်လည်း နဂိုကတည်းက လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်နေတဲ့ မြို့နေပြည်သူတွေရဲ့ အခြေအနေ ပိုဆိုးလာကြတာပါ။ ဒေလီမြို့ခံတယောက်က ခုလိုပြောပါတယ်။

“လေထုညစ်ညမ်းမှုကြောင့် ပြဿနာပေါင်းစုံနဲ့ ကျနော်တို့ ရင်ဆိုင်နေရပါတယ်။ မျက်လုံးတွေစပ်တယ်၊ နှာခေါင်းစည်းတပ်ထားရင်လည်း အသက်ရှူလို့ မဝသလို ခံစားရပါတယ်။ ပြဿနာကတော့ မျိုးစုံပါပဲ။ မိသားစုဝင်တွေလည်း နေမကောင်းကြဘူး။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံနေရတာပါ။”

အိန္ဒိယရဲ့ လေထုညစ်ညမ်းမှု ပြဿနာက မြို့တော် နယူးဒေလီမှာတင် ရပ်သွားတာ မဟုတ်ပါဘူး။ နိုင်ငံမြောက်ပိုင်း ဒေသအများစုမှာ ထူထဲတဲ့ မီးခိုးမြူတွေနဲ့ ပိတ်နေတတ်ပါတယ်။

တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ဥတုရာသီပြောင်းလဲမှု အကျိုးဆက်ကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ဗြိတိနိုင်ငံ၊ Glasgow မြို့က ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP26 မှာ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးကိစ္စ အထူးအလေးပေး ဆွေးနွေးခဲ့ကြတာပါ။ နိုင်ငံစုံ သဘောတူညီမှုပါ ဖော်ပြချက်တချို့နဲ့ ပတ်သက်လို့ သဘောတူညီမှု မရတဲ့အတွက် သတ်မှတ်ရက်မှာ အဆုံးမသတ်ဘဲ ရက်တိုး ဆွေးနွေးခဲ့ရပါတယ်။

သီတင်း ၂ ပတ်ကြာ ကျင်းပခဲ့တဲ့ COP26 ရဲ့ နောက်ဆုံးသဘောတူညီမှု စာချုပ်မှာ ကျောက်မီးသွေး ထုတ်ယူသုံးစွဲမှုကို အဆုံးသတ်ရေး ဆိုတာထက် လျှော့ချထုတ်လုပ်သွားရေး ဆိုတဲ့ စကားလုံးနဲ့ အစားထိုး ပြင်ဆင်သတ်မှတ်ပေးဖို့ အိန္ဒိယက တောင်းဆိုခဲ့တာပါ။ အိန္ဒိယ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Bhupender Yadav က ကျောက်မီးသွေး အသုံးပြုမှု လုံးဝရပ်ပစ်ဖို့ မလိုလားပါဘူး။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေ အနေနဲ့ တွင်းထွက်လောင်စာတွေကို တာဝန်သိစွာ သုံးစွဲနိုင်ခွင့် ရှိတယ်လို့ ပြောပါတယ်။

ကျွမ်းကျင်သူ အတော်များများကတော့ ဒါကို မကျေနပ်ကြပါဘူး။ အဲဒီ ဖော်ပြချက်ကြောင့် COP26 ညီလာခံ သဘောတူညီမှုစာချုပ် အားနည်းသွားမှာကို စိုးရိမ်ကြတာပါ။ ဒါ့အပြင် စာချုပ်ပါအချက်ကြောင့် အိန္ဒိယရဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ နှောင့်နှေးပြီး လေထုညစ်ညမ်းမှု ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ သိပ္ပံနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များအဖွဲ့၊ ဥတုရာသီ ပြောင်းလဲမှုနဲ့ စွမ်းအင်ဌာန ညွှန်ကြားရေးမှူး Samrat Sengupta ကတော့ အိန္ဒိယမှာ ကျောက်မီးသွေးတွေ လုံးဝရပ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“ဥတုရာသီ ပြောင်းလဲမှုကဏ္ဍမှာ လုပ်နေကြတဲ့သူတွေ၊ လူမှုအသိုင်းအဝိုင်း အတွက်တော့ ကျေနပ်စရာ မရှိဘူးလို့ ထင်ပါတယ်။ စာချုပ်ပါ ဖော်ပြချက်ရဲ့ အရေးပါမှုကို မလိုအပ်ဘဲ လိုက်ပြီး အဓိပ္ပာယ်ကောက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ဆင်းရဲတဲ့တိုင်းပြည်နဲ့ ချမ်းသာတဲ့တိုင်းပြည်ကြား အတော်ကြီး မယုံကြည်ကြတဲ့ လက္ခဏာ ဖြစ်ပါတယ်။”

စက်မှုဖွံ့ဖြိုးတိုးတက်စ ၁၈၅၀ နဲ့ ၁၉၀၀ ခုနှစ်ကြားကာလ မတိုင်ခင်က ရှိခဲ့တဲ့ အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထိ ကျော်မသွားအောင် ကမ္ဘာ့အပူချိန်ကို ထိန်းထားဖို့ ကမ္ဘာတဝန်း ဝိုင်းဝန်းကြိုးပမ်းနေတာပါ။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ ပါဝင်နေပေမယ့် အိန္ဒိယကတော့ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ အတိုင်းအတာတခုထိ ထုတ်လွှတ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

သိပ္ပံနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များအဖွဲ့၊ ဥတုရာသီ ပြောင်းလဲမှုနဲ့ စွမ်းအင်ဌာန ညွှန်ကြားရေးမှူး Samrat Sengupta က အခုလို ဆက်ပြောပါတယ်။

“ကျောက်မီးသွေးတွေ လုံးဝ မသုံးတော့ဘူး ဆိုတာမျိုး ခုချိန်မှာ နည်းပညာပိုင်းအရ မဖြစ်နိုင်သေးပါဘူး။ ၂၀၅၀ ခုနှစ်အရောက်မှာ ကျောက်မီးသွေးကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ လုံးဝမထွက်တော့ဘူး ဆိုတာမျိုးတောင် ဖြစ်နိုင်ခြေ မရှိပါဘူး။”

အိန္ဒိယက ကျောက်မီးသွေးတွေမှာ ပြာပါဝင်မှု အချိုးအဆများပြီး အားလုံး မလောင်ကျွမ်းကြတဲ့အတွက် အဲဒီကထွက်လာတဲ့ မီးခိုးတွေနဲ့ပဲ လေထုညစ်ညမ်းမှု ပိုဆိုးရွားလာစေပါတယ်။ ဒေလီမြို့ခံ Sohit Kumar ကတော့ အနောက်နိုင်ငံတွေကို မျှတမှုမရှိဘူးလို့ မြင်ပါတယ်။

“ချမ်းသာတဲ့ တိုင်းပြည်တွေက ကျောက်မီးသွေးတွေကို အသုံးပြုခဲ့ကြပြီးပါပြီ။ ခု ကျနော်တို့ လိုအပ်လို့ သုံးနေကြတဲ့ အခါကျတော့ ဒါကို မသုံးနဲ့လို့ ပြောနေကြပါတယ်။ ဒါ ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါဘူး။ လုံးဝ မှားယွင်းနေတဲ့လုပ်ရပ် ဖြစ်ပါတယ်။”

သဘာဝပတ်ဝန်းကျင်အတွက်ရော ကျန်းမာရေးအတွက်ပါ ဆိုးရွားလွန်းတယ် ဆိုပေမယ့်လည်း လူဦးရေ သန်းပေါင်း ၁,၃၀၀ ကျော်ရှိတဲ့ အိန္ဒိယမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေက စားဝတ်နေရေးအတွက် ကျောက်မီးသွေးကိုပဲ မှီခိုအားထားနေရပါတယ်။ ကျောက်မီးသွေးကုန်သည် Hari Ram ကလည်း ပတ်ဝန်းကျင်အတွက် မကောင်းမှန်းသိပေမယ့် ဒီအလုပ်ပဲ လုပ်တတ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ လူအတော်များများက ဒီအလုပ်နဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာပါ။ ကျောက်မီးသွေး မသုံးနဲ့တော့လို့ နိုင်ငံခြားတိုင်းပြည်တွေက ပြောလာမယ်ဆိုရင် ကျနော်တို့ ဘာလုပ်စားရမလဲဗျ၊ တခြားတိုင်းပြည်တွေက စားစရာပေးမှာလား၊ ပေးမှာလည်း မဟုတ်ပါဘူး။ တိုင်းပြည်ဖံ့ွဖြိုးတိုးတက်ရေး အတွက်ပဲ သူတို့လုပ်နေကြတာ ဖြစ်ပါတယ်။”

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း ၂၀၇၀ ခုနှစ်အရောက်မှာ အိန္ဒိယကြောင့် ကမ္ဘာ့လေထုထဲ ကာဗွန်ဒိုင်အောင်ဆိုဒ် ဓာတေ်ငွေ့တွေ တိုးမလာအောင် လုပ်သွားဖို့ ရည်မှန်းထားတယ်လို့ နိုဝင်ဘာ ဒုတိယပတ်တုန်းကပဲ ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကတာ့ အိန္ဒိယထက် ဆယ်စုနှစ် ၂ ခုစောလုပ်ဖို့ နှစ်နိုင်ငံ သဘောတူထားပါပြီ။ နိုင်ငံပေါင်း ၁၀၀ ကျော်တို့ကလည်း ၂၀၃၀ အရောက်မှာ သစ်တောပြုန်းတီးမှု အဆုံးသတ်ဖို့၊ ဒီဆယ်စုနှစ်ကုန်မှာ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၃၀ ရာခိုင်နှုန်းထိ လျှော့ချဖို့ COP26 ညီလာခံမှာ သဘောတူညီထားကြပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)

ကြောကျမီးသှေးလြှော့သုံးဖို့ COP26 သဘောတူညီခကြျ အိန်ဒိယတုံ့ပွနျမှု



















XS
SM
MD
LG