သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဆူပူအောင် လှုံ့ဆော်ရေးသားမှုနဲ့ စွဲဆို ဖမ်းဆီးခံ သတင်းသမား ၂ ဦးကို အိန္ဒိယ ပြည်နယ်တရားရုံး အာမခံပေး


(Zawgyi / Unicode)

မူဆလင်တွေ အပေါ် ဘာသာရေး အရ တိုက်ခိုက်မှုတွေဟာ ရဲတပ်ဖွဲ့ အစီရင်ခံချက်ထက် ပိုပြီး ဆိုးရွားကြောင်း တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပြီးနောက် လူထု အတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် လှုံ့ဆော်မှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တွင်း ဖမ်းဆီးခံရတဲ့ အိန္ဒိယ သတင်းသမား ၂ ဦးကို နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်Tripura ရဲ့ တရားရုံး တခုက အာမခံ ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ လက လူနည်းစု မူဆလင်တွေ တိုက်ခိုက်ခံခဲ့ရတဲ့ ပြည်နယ်တွင်းက ဘာသာရေး တင်းမာမှုတွေကို Samriddhi K. Sakunia နဲ့ Swarna Jha တို့က သတင်းရေးသားခဲ့ကြတာပါ။ အနည်းဆုံး ဗလီ တခု၊ မူဆလင်တွေ ပိုင်ဆိုင်တဲ့ ဈေးဆိုင် အတော်များများနဲ့ အိမ်တွေ ဖျက်စီးခံရကြောင်း၊ သေဆုံးမှု မရှိကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။

အိန္ဒိယ နိုင်ငံ Tripura ပြည်နယ်တွင်း တိုက်ခိုက်မှုဟာဆိုရင် အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံမှာ အောက်တိုဘာလ အစောပိုင်းတုန်းက ဟိန္ဒူတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကို လက်တုံ့ပြန် ဆောင်ရွက်မှု အဖြစ်လည်း ရှုမြင်ကြပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ် ဖြစ်တဲ့ Tripura ပြည်နယ်မှာ နေထိုင်သူ လူဦးရေ ၄ သန်း နီးပါးထဲမှာ မူဆလင်က ၉ ရာခိုင်နှုန်း မပြည့်ပါဘူး။

သတင်းထောက်တွေကို စုံစမ်းစစ်ဆေးဖို့ အတွက် ထိန်းသိမ်းထားဖို့ မလိုအပ်ကြောင်း၊ ဒီလို ထိန်းသိမ်းမှုဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်မယ့် အကြောင်း တရားသူကြီးက ပြောဆိုခဲ့ပြီး တနလာၤနေ့မှာ သတင်းထောက်တွေကို တရားရုံးက အာမခံ ပေးလိုက်တာ ဖြစ်ကြောင်း သတင်းထောက်တွေရဲ့ ရှေ့နေ Pijus Kanti Biswas က အင်္ဂါနေ့မှာ ပြောပါတယ်။

မဟုတ်မမှန် လုပ်ကြံသတင်းကို လူမှုကွန်ရက် မီဒီယာမှာ တင်ခဲ့တာကြောင့် လူထုတွင်း အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်မှုအတွက် သတင်းထောက်တွေကို ဖမ်းတာ ဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ပြောပါတယ်။


(Unicode)







XS
SM
MD
LG