သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂင်္ဂါမြစ်ထဲ မျောနေတဲ့ အလောင်းတွေကြောင့် လူထုကျန်းမာရေး စိုးရိမ်ရ


ဂင်္ဂါမြစ်
ဂင်္ဂါမြစ်

(Zawgyi/Unicode)
အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ထဲက ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘူးလို့ အာဏာပိုင်တွေက အင်္ဂါနေ့မှာပဲ ပြောလိုက်ပါတယ်။

ဘီဟာပြည်နယ် တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ၇၁ လောင်း တွေ့ရှိခဲ့ကြောင်း ပြောဆိုထားပြီး၊ ကပ်လျက်ရှိနေတဲ့ အူတာပရာဒတ်ရှ်ပြည်နယ်ကတော့ အင်္ဂါနေ့မှာ ထပ်မံတွေ့ရှိတဲ့ အလောင်းတချို့ အပါအဝင် စုစုပေါင်း ၁၀၀ လောက် ရှိမယ်လို့ ပြောပါတယ်။

တခြားနိုင်ငံတွေထက် ကူးစက်မှုနှုန်း မြန်ဆန်တဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံက မြစ်ထဲမှာ အလောင်းတွေ အမြောက်အများ တွေ့ခဲ့ရတာကြောင့် ကပ်ရောဂါနဲ့ သေဆုံးသူတွေဆိုပြီး ထင်ကြေးပေး ပြောဆိုမှုတွေ မကျေနပ်မှုတွေလည်း ပေါ်ပေါက်နေပြီး၊ ကျန်းမာရေး ပညာရှင်တွေ ကြားမှာလည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

“ရေထဲက အလောင်းတွေကနေ ကိုဗစ်ရောဂါ ကူးနိုင်သလား ဆိုတာကို ကမ္ဘာပေါ်မှာ သုတေသန လေ့လာထားတာ မရှိပေမဲ့၊ မြစ်ရေကတော့ ညစ်ညမ်းနေမယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်။ ဒီရေတွေကို မသောက်သုံးသင့်သလို၊ အလောင်းတွေ ပုပ်ပွလာမယ်ဆိုရင် ပိုပြီးတော့တောင် အန္တရာယ် ရှိနိုင်ပါတယ်။” လို့ နယူးဒေလီမြို့တော် Sir Ganga Ram ဆေးရုံက အကြီးတန်း ဆေးပညာရှင် Dr. Mohsin Wal က ပြောသွားတာပါ။

တာဝန်ရှိသူတွေက အလောင်းတွေကို ရင်ခွဲစစ်ဆေးခဲ့ပေမဲ့ ပုပ်ပွနေပြီ ဖြစ်တာကြောင့် သေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်ကြပါဘူး။ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရ အိန္ဒိယနိုင်ငံမှာ အင်္ဂါနေ့က ကိုဗစ်ရောဂါ ကူးစက်သူ လူနာသစ် ၃၃၀,၀၀၀ နီးပါးရှိခဲ့ပြီး၊ သေဆုံးသူ ၃၈၆၇ ယောက် ရှိခဲ့ပါတယ်။

ရောဂါကူးစက်သူ ၂၃ သန်းနီးပါး ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေပြီး၊ သေဆုံးသူ အရေအတွက်ကတော့ ၂ သိန်းခွဲ နီးပါးနဲ့ ကမ္ဘာမှာ တတိယအများဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွမ်းကျင်သူတွေကတော့ လက်တွေ့မှာ ကိန်းဂဏန်းတွေဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်



..............

(Unicode)






XS
SM
MD
LG