သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံရေး အင်ဒိုနီးရှား ထိပ်တန်းဦးစားပေးမည် - အင်ဒို နိုင်ငံခြားရေးဝန်ကြီး


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

(Zawgyi/Unicode)

မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံရေးကို အင်ဒိုနီးရှားအစိုးရက ထိပ်တန်းဦးစားပေး အဖြစ် ထားရှိကြောင်းနဲ့ မြန်မာနိုင်ငံပြန်လည်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဂျပန်နိုင်ငံ တိုကျိုမှာ ပြုလုပ်တဲ့ ဂျပန် -အင်ဒိုနီးရှား ၂ နိုင်ငံ ဝန်ကြီး အဆင့် ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

“အာဆီယံအဖွဲ့ကြီးကနေ မြန်မာ့အရေး ပါဝင်ဆောင်ရွက်ဖို့ ကြိုစားမှုအတွက် ဂျပန်အစိုးရရဲ့ ထောက်ခံမှုကို ကျမ ကြိုဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံမှုရှိဖို့နဲ့ ချမ်းသာသုခရဖို့ဟာ အဓိကပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်ရဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်ပါတယ်” လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ အနီးကပ်ဆက်သွယ် ဆွေးနွေးမှုရှိကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆန့်ကျင်ဆန္ဒပြတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေကို အင်ဒိုနီးရှားအစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ ဒါဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Marsudi က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

ဒါ့အပြင် အခုအချိန်အထိ ဆန္ဒပြပြည်သူ ၅၀၀ ကျော်သေဆုံးရတဲ့အထိ အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်နေတဲ့ မြန်မာစစ်တပ်ကို ကြားဝင်ဖျန်ဖြေပေးဖို့လည်း သူမက ကြိုးစားနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် အကူအညီအများအပြားပေးနေတဲ့ ဂျပန်အစိုးရက အခုထိ မြန်မာစစ်တပ်အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ မချမှတ်သေးပေမယ့် မြန်မာနိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ ပေးနေတဲ့ အကူအညီတွေ ဆိုင်းငံ့ထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်မှာ အင်္ဂါနေ့က ပြောပါတယ်။

ဒေသတွင်း တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးအတွက် ၂ နိုင်ငံ လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကျင်းပတဲ့ ဂျပန်နဲ့ အင်ဒိုနီးရှား ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေး ဝန်ကြီးတွေရဲ့အင်္ဂါနေ့ ဆွေးနွေးပွဲကနေ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကရိယာနဲ့ နည်းပညာဆိုင်ရာ လွဲပြောင်းပေးအပ်မှုဆိုင်ရာ သဘောတူစာချုပ်လည်း ချုပ်ဆိုခဲ့ကြတာပါ။

..........


(Unicode)








XS
SM
MD
LG