မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ အင်ဒိုနီးရှားနိုင်ငံအတွက် စိုးရိမ်စရာ ကိစ္စတခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်နိုင်အောင် သက်ဆိုင်သူတွေနဲ့ ၂၆၅ ကြိမ်ထက်မနည်း ဆွေးနွေးခဲ့တယ်လို့လည်း နိုင်ငံပိုင် Antara ကဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ သံတမန်ရေး လုပ်ငန်းတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အရေးပါတဲ့ အခမ်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပြသနိုင်ခဲ့ကြောင်းလည်း ၂၀၂၄ နှစ်သစ် သတင်းစာ ရှင်းလင်းပွဲအဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေး မူဝါဒတွေကို ဂျကာတာမြို့တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြောဆိုရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးနဲ့ တည်ငြိမ်ရေးဟာ ရိုဟင်ဂျာအရေးကို ဖြေရှင်းရာမှာ အခရာကျတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါမှသာ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ မကြာသေးခင် လတွေကစ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရေကြောင်းက ရောက်လာနေတဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတာပါ။ ရိုဟင်ဂျာတွေ ဆက်တိုက်ဆိုသလို ရေကြောင်းကနေ ရောက်လာနေတဲ့အပေါ် ဒေသခံတွေကြား ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။