အာဖရိကတိုက် ၊ အရှေ့မြောက်ပိုင်း ဆူဒန်နိုင်ငံ Khartoum မြို့တော်မှာ ၂ ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်နေတဲ့ကြားကနေ သက်ဆိုင်ရာ နိုင်ငံတွေက သူတို့ရဲ့ သံတမန်တွေ နဲ့ နိုင်ငံသားတွေကို အလျှင်အမြန် ကယ်ထုတ်ရွှေ့ပြောင်းနေကြပါတယ်။ ဒီအထဲက ကနေဒါ၊ အီဂျစ် ၊ ပြင်သစ် ၊ ဂျာမဏီ၊ အီတလီ၊ ဆွီဒင် နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ လေယာဉ်တွေ ၊ လုံခြုံရေး ကားတန်းတွေ အသုံးပြုပြီး ဆူဒန်မှာ ရောက်ရှိနေကြတဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ပေးနေကြပါတယ်။ နိုင်ငံခြားသားတွေကို အဲဒီလို ကယ်ထုတ်ပေးနေကြပေမယ့်လည်း ဆူဒန်နိုင်ငံသားတွေကတော့ လျှပ်စစ်မီးမရှိ ၊ အင်တာနက် ပြတ်တောက်နေတဲ့ အခြေအနေအောက်မှာ ကိုယ့်ကိုကိုယ် လုံခြုံအောင် ကြိုးပမ်းနေကြရပါတယ်။ တချို့ ဆူဒန်အရပ်သားတွေကတော့ အန္တရာယ်ရှိတဲ့ကြားကနေ ကိုယ်ပိုင်ကားတွေ၊ ဘစ်စ်ကားတွေနဲ့ စစ်ပွဲနဲ့ ဝေးရာကို စွန့်စားပြီး ထွက်ခွာသွားကြပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီ USAID အကြီးအကဲ Samantha Power ကလည်း ဆူဒန်နိုင်ငံ က စစ်ဘေး အန္တရာယ်ကျရောက်နေတဲ့ အရပ်သားတွေကို ကူညီဖို့အတွက် ကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်လိုက်ကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ ကနဦး အကူအညီတွေကိုတော့ ကင်ညာနိုင်ငံ ကနေတဆင့် စတင်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ် Abdel Fattah al-Burhan ကို သစ္စာခံတဲ့ စစ်တပ် နဲ့ ဗိုလ်ချုပ် Mohamed Hamdan Dagaloဦးဆောင်တဲ့ အင်အားကြီး ပြည်သူစစ်တပ်ဖွဲ့ RSF အကြား ဒီလ ဧပြီလလည်းက စတင်ခဲ့တဲ့ ၂ ဖက် တိုက်ပွဲတွေကြောင့် လူပေါင်း ၄ ရာကျော်သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။