သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပဋိပက္ခဖြေရှင်းဖို့ ကန်နိုင်ငံခြားရေးဌာန အထူးအဖွဲ့ ဖွဲ့


ခါတွမ်မြို့ထဲမှာ စစ်တပ်နဲ့ အတိုက်အခံ RSF တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးဖို့ ကြိုးစားနေကြသူများ။ (ဧပြီ ၁၉၊ ၂၀၂၃)
ခါတွမ်မြို့ထဲမှာ စစ်တပ်နဲ့ အတိုက်အခံ RSF တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးဖို့ ကြိုးစားနေကြသူများ။ (ဧပြီ ၁၉၊ ၂၀၂၃)

ဧပြီ ၁၉၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ဆူဒန်က လက်နက်ကိုင်ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆူဒန်လက်နက်ကိုင်တိုက်ပွဲ နောက်ဆုံးဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေး ဌာနရဲ့ စီစဉ်မှု၊ စီမံခန့်ခွဲမှုနဲ့ ထောက်ပံ့ပို့ဆောင်မှုတွေကို ကြီးကြပ်ဖို့ ဆူဒန်စစ်ဘက်ပဋိပက္ခဆိုင်ရာ အလုပ်အဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ ထောက်ပံ့ရေးခြေမြန်တပ်ဖွဲ့ (RSF) တို့ နှစ်ဖက် အကြမ်းဖက်မှုတွေ ပြင်းထန်နေတာကိုလည်း အမေရိကန်က ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။ မြို့တော်ခါတွန်မှာ စနေနေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ နိုင်ငံထဲမှာ ပိုမို ကျယ်ပြန့် ပျံ့နှံ့သွားခဲ့ပြီး လူရာနဲ့ချီ သေဆုံးဒဏ်ရာရရှိခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖုန်းတိုက်ရိုက်ပြောဆိုမှုအပါအဝင် နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ တိုက်တွန်းတောင်းဆိုချက်နဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ၂၄ နာရီကြာ အပစ်ရပ်ဖို့ နှစ်ဘက် ကြေညာချက်ကလည်း မအောင်မမြင်ဖြစ်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

SAF အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဘ်ဒယ် ဖာတာ အယ်လ်-ဘာဟန် နဲ့ သူ့ရဲ့ လက်ထောက်ဟောင်းဖြစ်ခဲ့တဲ့ ထောက်ပံ့ရေးခြေမြန်တပ်ဖွဲ့ RSF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂါလိုတို့ဟာ သူတို့ရဲ့လက်အောက်ခံတပ်ဖွဲ့နှစ်ခု ပေါင်းပြီး ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း အစိုးရသစ်ဖွဲ့ရာမှာ အာဏာခွဲဝေမှုနဲ့ပတ်သက်ပြီး အချေအတင်ဆွေးနွေးခဲ့ရာကနေ သဘောထားကွဲလွဲခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက အခုချိန်အထိ ဆူဒန်မှာ အမေရိကန်နိုင်ငံသားထဲက သေဆုံးဒဏ်ရာရတာမရှိသေးဘူးလို့ VOA ကို အင်္ဂါနေ့နှောင်းပိုင်းတုန်းက ပြောထားပါတယ်။

ခါတွမ်မြို့တော် အမေရိကန်သံရုံးရဲ့ ဧပြီ ၁၈ ရက် လုံခြုံရေးသတိပေးချက်မှာ ဆူဒန်ရောက် အမေရိကန်နိုင်ငံသားတွေကို အိမ်အပြင်မထွက်ဖို့ သတိပေးထားပြီး လက်ရှိ လုံခြုံရေးအခြေအနေ မသေချာမရေရာမှုတွေကြောင့် အပြင်လေဆိပ်ကိုပိတ်ထားလို့ အမေရိကန်နိုင်ငံသားတွေကို အစိုးရကရွှေ့ပြောင်းပေးမယ့် အစီအစဉ်မရှိဘူးလို့ ဖော်ပြထားပါတယ်။

လုံခြုံရေးအခြေအနေကြောင့် အမေရိကန်သံရုံးရဲ့ ပုံမှန်ကောင်စစ်ဝန်ဆောင်မှုအားလုံးကိုရပ်ဆိုင်းထားပြီး အရေးပေါ် ကောင်စစ်ဝန် ဝန်ဆောင်မှုတွေကိုသာ သံရုံးက ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG