သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် အပစ်ရပ်ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေဆက်ဖြစ်


ဆူဒန်နိုင်ငံ၊ ခါတွန်မြို့မှာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့ကြား နှစ်ရက်မြောက်တိုက်ပွဲမြင်ကွင်း/ (ဧပြီ ၁၆၊ ၂၀၂၃)  
ဆူဒန်နိုင်ငံ၊ ခါတွန်မြို့မှာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့ကြား နှစ်ရက်မြောက်တိုက်ပွဲမြင်ကွင်း/ (ဧပြီ ၁၆၊ ၂၀၂၃)  

ဧပြီ ၁၈၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ဆူဒန်နိုင်ငံရဲ့မြို့တော်မှာ အင်္ဂါနေ့ညနေပိုင်းက စစ်တပ်နဲ့ အတိုက်အခံ Rapid Support Forces (RSF) လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြား ၂၄ နာရီကြာ အပစ်ရပ်စဲရေးအတွက် သဘောတူထားပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲတာ စတင်တဲ့ညနေ ၆ နာရီနောက်ပိုင်းမှာလည်း မြို့တော် ခါတွန်ရဲ့ နေရာအတော်များများမှာ ပေါက်ကွဲသံတွေကြားရပြီး ပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ခါတွန်မှာရှိတဲ့ နှစ်ဖက်တပ်စခန်းတွေနဲ့ အစိုးရအဆောက်အအုံတွေတဝိုက်မှာ အင်္ဂါနေ့က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဗွီအိုအေသတင်းထောက် Michael Atit က ပြောပြီး ပျက်စီးမှုတွေနဲ့ လုံခြုံရေးအခြေအနေကြောင့် ဆေးရုံအတော်များများကို ပိတ်ထားခဲ့ရတယ်လို့ ပြောပါတယ်။ မြို့တော်ရဲ့နေရာအတော်များများမှာ လျှပ်စစ်မီးနဲ့ ရေလည်း ပြတ်တောက်နေပါတယ်။ အကြမ်းဖက်မှုတွေဟာ ခါတွန်ရဲ့အနီးအနားက မြို့တွေဖြစ်ကြတဲ့ Omdurman နဲ့ Bahri မြို့တွေမှာလည်း ဖြစ်ပွားနေပြီး မြို့ချင်း ချိတ်ဆက်ထားတဲ့ တံတားတွေမှာ သံချပ်ကာယာဉ်တွေနဲ့ ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

အဲဒီမှာ ၄ ရက် ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ခါတွန်မြို့ခံအများအပြားဟာ နေအိမ်တွေထဲမှာ ပုန်းအောင်း ခိုလှုံနေခဲ့ကြရတာပါ။ ဒီတိုက်ပွဲတွေအဆုံးသတ်ဖို့ အမေရိကန်၊ ကုလသမဂ္ဂနဲ့ အာဖရိကခေါင်းဆောင်တွေက ဖိအားပေးခဲ့ကြလို့ စစ်ဖြစ်နေတဲ့ ပြိုင်ဘက် စစ်ခေါင်းဆောင်နှစ်ဦးက ယာယီအပစ်အခတ်ရပ်စဲဖို့ လူသိရှင်ကြား ကြေညာထားတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က နှစ်ဘက် ခေါင်းဆောင်တွေကို ဖုန်းဆက်သွယ် စကားပြောပြီးနောက်မှာ အပစ်ရပ်ကြေညာချက်ထွက်လာတာပါ။

စစ်ဖြစ်နေတဲ့ နှစ်ဘက်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအမှူးလည်းဖြစ်၊ ဆူဒန်နိုင်ငံရဲ့သမ္မတလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အာဘ်ဒယ် ဖာတာ အယ်လ်-ဘာဟန်နဲ့ သူ့ရဲ့လက်ထောက်ဟောင်းဖြစ်ခဲ့တဲ့ ထောက်ပံ့ရေးခြေမြန်တပ်ဖွဲ့ RSF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂါလို တို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ရေးအတွက် တိုက်ပွဲတွေရပ်ဖို့ သဘောတူခဲ့ကြတာပါ။

ဆူဒန်မှာ လအတန်ကြာကတည်းက တင်းမာမှုတွေ မြင့်တက်နေပြီး RSF ကို ပင်မ အမျိုးသားတပ်မတော်ထဲ ပေါင်းစည်းဖို့ စီစဉ်ခဲ့ပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ စနေနေ့က နှစ်ဘက်တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။ ဆူဒန်အာဏာပိုင်တွေရဲ့အဆိုအရ ဒီတိုက်ပွဲတွေထဲမှာ လူ ၂၇၀ သေဆုံးပြီး ၂,၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲတွေရပ်ကြဖို့ ကုလသမဂ္ဂကလည်း တောင်းဆိုထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ နိုင်ငံတကာအကူအညီတွေ အရပ်သားတွေဆီ ဘေးကင်းကင်းနဲ့ အမြန်ဆုံးရရှိဖို့နဲ့ အရပ်သားတွေနဲ့ နိုင်ငံတကာသံတမန် ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးအတွက် နှစ်ဘက်စစ်ခေါင်းဆောင်နှစ်ဦးလုံးမှာ တာဝန်ရှိကြောင်း သတိပေးထားပါတယ်။

အမေရိကန်သံရုံးကလည်း ဆူဒန်ရောက် အမေရိကန်နိုင်ငံသားတွေကို အိမ်တွင်းမှာ နေထိုင်ကြဖို့ ထပ်မံသတိပေးထားပြီး လောလောဆယ်မှာတော့ လုံခြုံရေးအခြေအနေဲ့ လေဆိပ်ပိတ်ထားလို့ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG