သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီယာဒ် မြန်မာသံရုံး သတိပေးချက်အပေါ် ဆက်သွယ်မေးမြန်းချက်


အမေရိကန် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် အီရန် ထိပ်တန်းတပ်မှူး Qasem Soleimani ဓာတ်ပုံ ကိုင်ဆောင်၍ ဈာပနအခမ်းအနား တက်ရောက်သူအချို့။ (ဇန်နဝါရီ ၄၊ ၂၀၂၀)
အမေရိကန် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် အီရန် ထိပ်တန်းတပ်မှူး Qasem Soleimani ဓာတ်ပုံ ကိုင်ဆောင်၍ ဈာပနအခမ်းအနား တက်ရောက်သူအချို့။ (ဇန်နဝါရီ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေနဲ့ စိုးရိမ်ဖွယ် အခြေအနေတွေကြောင့် ဆော်ဒီအာရေးဗျ အပါအဝင် ဘာရိန်း၊ ကာတာနဲ့ အိုမန်နိုင်ငံတွေမှာ အလုပ်သွားလုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် သတိပေးချက် ထုတ်ပြန်ရတဲ့အကြောင်း ဆော်ဒီနိုင်ငံ ရီယာဒ်မြို့ မြန်မာသံရုံး ထိပ်တန်းသံတမန်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီလို သတိပေးချက် ထုတ်ပြန်ရတဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေက ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းတဲ့အခါ ရီယာဒ်မြို့ မြန်မာသံရုံး သံမှူး ဦးဇေယျာမျိုးမြင့်က အခုလို စရှင်းပြပါတယ်။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့နဲ့ ကပ်နေတဲ့ အီရတ်နိုင်ငံမှာ ဖြစ်တဲ့ အခြေအနေတွေ သိမယ်နဲ့တူပါတယ်။ ကျနော်တို့ မြန်မာသံရုံးက ဆော်ဒီမှာ အခြေစိုက်တယ်။ ကာတာရယ်၊ ကူဝိတ်ရယ်၊ ဘာရိန်းရယ်ကို တွဲဖက်ပြီး တာဝန်ယူ ကိုင်တွယ်ရပါတယ်။ အဲဒီအတွက် လက်ရှိ ဒေသတွင်းမှာ လတ်တလော ဖြစ်နေတဲ့ အခြေအနေလေးတွေနဲ့ ပတ်သက်ပြီးတော့ ဒီမှာရောက်နေတဲ့ မြန်မာ တော်တော်များများ အလုပ်အကိုင်နဲ့ ရောက်နေကြတာ ဖြစ်တဲ့အတွက် သတင်းမဖတ်မိတာ၊ ပတ်ဝန်းကျင်ကို သတိမထားမိတာမျိုးလေးတွေ ဖြစ်မှာစိုးတဲ့အတွက် ဒေသတွင်း လတ်တလော အခြေအနေလေးတွေ သိဖို့လိုအပ်တာလေးတွေနဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လုံခြုံရေး အရင်ကထက် ပိုပြီးတော့ သတိထားရမယ်ဆိုတဲ့ အခြေအနေမျိုးလေးတွေ ရှိတယ်။ ရှိတဲ့အတွက် မြန်မာနိုင်ငံသားတွေ အဲဒီအခြေအနေလေးတွေလည်း သိအောင်၊ အခြေအနေနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေ နေနိုင်အောင် နည်းနည်း သတိလေးနဲ့နေ၊ သတိလေးနဲ့သွား သတိလေးနဲ့ထားပြီးတော့ နေနိုင်အောင် ကျနော်တို့ မြန်မာသံရုံးက နေပြီးတော့ သိစေလိုတဲ့ဆန္ဒနဲ့ ထုတ်ပြန်တာပါ။”

ကိုဉာဏ်ဝင်းအောင် - မြန်မာတွေရောက်နေတဲ့ နိုင်ငံတွေမှာ ဥပဒေနဲ့အညီ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှု မရှိစေဘဲ လိုက်နာဆောင်ရွက်ကြဖို့ဆိုပြီး တိုက်တွန်းထားတာ တွေ့ရပါတယ်။ ဥပမာဆိုရင် ဘယ်လိုဟာမျုးိကို ရည်ညွှန်းတာပါလဲ။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့ ဆိုလိုချင်တာကတော့ သက်ဆိုင်ရာ နိုင်ငံသားတွေအတွက် ဥပဒေဆိုတာ လုပ်ရမယ့်ဟာ မလုပ်ရမယ့်ဟာ အဲဒီလို ခွဲခြားပြီး သတ်မှတ်ပြဋ္ဌာန်းထားတာမျိုးတွေ ရှိပါတယ်။ ရှိတဲ့ဟာမှာ လိုက်နာရမယ့်ဟာကို လိုက်နာရမယ်၊ မလုပ်ရမယ့်ဟာကို မလုပ်ရဘူး။ အဲလိုဟာမျိုးတွေကို ပိုပြီးတော့ တခုခုဖြစ်လာပြီဆိုတဲ့ အခြေအနေမျိုးမှာ လုံခြုံရေးအရ ရှိလာနိုင်တယ်။ ရှိလာနိုင်တဲ့ဟာမျိုးမှာ ကိုယ်က ဟိုနိုင်ငံမှာနေရင် သူတို့ရဲ့ စည်းကမ်းဥပဒေကို လိုက်နာရမယ်။ အဲလိုမျိုးလေးတွေကို အရင်ကထက်ပိုပြီး လိုက်နာပြီးတော့ ဒီလိုကာလမျိုးမှာ ပြဿနာ မဖြစ်ပွားစေချင်တဲ့ စေတနာနဲ့ပါ။”

ကိုဉာဏ်ဝင်းအောင် - မြန်မာသံရုံးအနေနဲ့ လိုအပ်လာရင် အကူအညီ ပေးသွားမယ်လို့ ပြောပါတယ်။ အကယ်၍ မြန်မာအလုပ်သမားတွေ နေနေတဲ့ နိုင်ငံတွေမှာ မတည်ငြိမ်မှုတွေ ပိုပြီးတော့ ကြီးကြီးမားမား ဖြစ်လာရင် သူတို့ ပြန်ဖို့ကိစ္စ အပါအဝင် ဘယ်လိုအကူအညီတွေ ပေးသွားဖို့ စဉ်းစားထားပါသလဲ။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့သံရုံးက ဆော်ဒီမှာ အခြေစိုက်ပါတယ်။ အခြေစိုက်ပြီးတော့ ကျန်တဲ့နိုင်ငံတွေကိုလည်း တာဝန်ယူထားတဲ့အတွက် ကျနော်တို့အခြေစိုက်တဲ့ ဆော်ဒီမှာဆို ကျနော်တို့နဲ့ အနီးကပ် ရှိနေတဲ့အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးလို့ ရပါတယ်။ အဝေးမှာ ကာတာ၊ ဘာရိန်းနဲ့ အိုမန်မှာရှိတဲ့ အဖွဲ့တွေကတော့ သူတို့ဆီမှာ သက်ဆိုင်ရာ Myanmar Community ဆိုတဲ့ဟာလေးတွေ သီးခြားဖွဲ့ထားတာ ရှိပါတယ်။ သူတို့ ပုံမှန် သာရေး နာရေးနဲ့ အမြဲတမ်း ဆုံစည်းတဲ့ဟာမျိုးလေးတွေ၊ ကျနော်တို့ရဲ့ မြန်မာ့ ချစ်စရာဓလေ့ အဲဒီလိုမျိုး အဖွဲ့အစည်းလေးတွေ ရှိတဲ့အတွက် ကျနော်တို့သံရုံးကနေ အဲဒီလိုအဖွဲ့အစည်းမျိုးမှာပါတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အမြဲတမ်း Contact ယူထားပါတယ်။ လတ်တလော ဖြစ်နေတဲ့ အခြေအနေမျိုးလေးတွေ ထူးခြားမှုရှိတဲ့ဟာလေးတွေ ပြောဖို့နဲ့ တကယ်လို့ မတော်တဆ နိုင်ငံတွင်းမှာ တစုံတရာ ဖြစ်လာမယ့် အခြေအနေမျိုးမှာ သူတို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ သံအမတ်ကြီးရဲ့ လမ်းညွှန်မှုနဲ့အညီ ဌာနချုပ်ကို တင်ပြပြီးတော့ သူတို့ အန္တရာယ်မဖြစ်စေမယ့် နည်းလမ်းမျိုးတွေနဲ့ အကောင်းဆုံး ဆောင်ရွက်ဖို့ ရည်မှန်း ဆောင်ရွက်ထားပါတယ်။”

ကိုဉာဏ်ဝင်းအောင် - ဆော်ဒီ အပါအဝင် ဘာရိန်း၊ ကာတာ၊ အိုမန် ဒီလေးနိုင်ငံမှာ မြန်မာနိုင်ငံသား အရေအတွက်က ဘယ်လောက်ရှိတယ်လို့ သံရုံးအနေနဲ့ ခန့်မှန်းထားပါသလဲ။

သံမှူး ဦးဇေယျာမိုးမြင့် - “ကျနော်တို့ ဆော်ဒီမှာ တရားဝင်စာရင်းအရ ၁၀၀ ကျော်ရှိပါတယ်။ ကျန်တဲ့ပြင်ပ ကျနော်တို့ ရုံးအခြေမစိုက်တဲ့ သုံးနိုင်ငံမှာ ကျနော်တို့အနေနဲ့ အဲဒါတော့ သီးခြားမပြောလိုပါဘူး။”

-------------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG