သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အကျဉ်းထောင် မီးလောင်မှု အနည်းဆုံး ၄ ဦးသေ


(Zawgyi / Unicode)

အီရန်နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ တဟီရန်မြို့တော်က အယ်ဗင် အကျဉ်းထောင် မီးလောင်ခဲ့တဲ့အတွက် ၄ ဦးသေဆုံးပြီး ၆၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္ဂနွေနေ့ တုန်းက အီရန်အစိုးရပိုင် ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။

သေဆုံးသူ ၄ ဦးဟာ မီးခိုးတွေမွှန်ပြီး အသက်ရူကြပ်တဲ့ အတွက် သေဆုံးတာ ဖြစ်ကြောင်းနဲ့ ဒဏ်ရာရသူတွေ ထဲက ၄ ဦးဟာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ တရားရေးဌာနက ပြောပါတယ်။ အကျဉ်းထောင်ဟာ စနေနေ့ညက မီးလောင်ခဲ့တာဖြစ်ပြီး နာရီအတော်ကြာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အီရန်အစိုးရ သတင်းဌာနက ပြောပါတယ်။

အကျဉ်းထောင် မီးလောင်မှုနဲ့ ပတ်သက်ပြီး အမေရိကန်က အနီးကပ် စောင့်ကြည့်နေကြောင်း နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သလို မတရား ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသားတွေနဲ့ ပတ်သက်လို့ အီရန်အစိုးရက အပြည့်အ၀ တာဝန်ယူရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အီရန်အစိုးရဟာ သိပ်ကို ဖိနှိပ်လွန်းတဲ့ အစိုးရဖြစ်ပြီး လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြနေ သူတွေကို အလွန်ကိုဘဲ လေးစားမိတယ်လို့ ပြောဆိုပါတယ်။

Evin အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပြင် အီရန်အစိုးရက နိုင်ငံတကာနဲ့ညှိနှိုင်းမှုတွေမှာ ဖိအားပေးဖို့အတွက် ဖမ်းဆီးထားတဲ့ အနောက်နိုင်ငံတွေနဲ့ ပတ်သက်ဆက်စပ်သူတွေ၊ နှစ်နိုင်ငံသား ခံယူထားသူတွေကိုလည်း ဖမ်းဆီး ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။ စည်းကမ်းနဲ့အညီ ခေါင်းစည်းပုဝါ မဝတ်လို့ဆိုပြီး ဘာသာရေးရဲတွေ ဖမ်းဆီးထားစဉ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့တဲ့အပေါ် မကျေနပ်ရာက စတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာလည်း ဆက်လက် ဖြစ်ပွားနေပြီး အခုဆိုရင် ရက်သတ္တပတ် ၅ ပတ်ထဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG