သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲကိစ္စွ အီရန်လွှတ်တော်မှာ တံခါးပိတ်ဆွေးနွေးမည်


အီရန် သမ္မတ Hassan Rouhani
အီရန် သမ္မတ Hassan Rouhani

အစိုးရ တာဝန်ရှိသူ အားလုံးကို ဝေဖန်နိုင်တယ်လို့ အီရန် သမ္မတ Hassan Rouhani က ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပြီး အီရန်နိုင်ငံတွင်း ဆန္ဒပြသူတွေရဲ့ စိတ်ဆိုး ဒေါသထွက်မှုက စီးပွားရေး ပြသနာတင် မဟုတ်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

လူမှုကွန်ယက် တွေ ပိတ်ပင်ထားတာကို ဖယ်ရှားပေးဖို့ကိုလည်း သမ္မတ Rouhani က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သတင်း၂ ပတ် နီးပါးက ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် အစိုးရဘက်က Instagram နဲ့ Telegram တို့လို message - စာတို ပေးပို့တဲ့ Apps တွေကို တားမြစ် ပိတ်ပင်ခဲ့တာပါ။ Instgram ကိုတော့ မနေ့ တနင်္ဂနွေနေ့မှာ အာဏာပိုင်တို့က ပြန်ဖွင့်ပေးခဲ့ပေမယ့် Telegram ကိုတော့ ဆက်ပြီး ပိတ်ထားပါတယ်။

လတ်တလော အကြမ်းဖက်မှုတွေမှာ အရေးပါသူ အားလုံးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်းနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ဒီကနေ့ တနလာၤနေ့မှာဘဲ အီရန် တရားရေးဌာန ဒုတိယ အကြီးအကဲ Hamid Shahriari က ပြောဆိုထားပါတယ်။

အခု ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲကတော့ ၂၀၀၉ ခုနှစ် နောက်ပိုင်း အီရန် နိုင်ငံတွင်း အကြီးမားဆုံး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်ပါတယ်။ အလုပ်လက်မဲ့၊ အစားအသောက် ဈေးကြီးလာတာတွေကို ဆန္ဒပြသူတွေက ဆန့်ကျင်ခဲ့ကြပြီး အစိုးရ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုကြတာပါ။

အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေလည်း အပြိုင်လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေ အတွင်း အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ အီရန် အစိုးရကတော့ ဆန္ဒပြပွဲတွေကို လှုံ့ဆောင်တယ်ဆိုပြီး ပြည်ပ အစိုးရတွေကို အပြစ်ဖို့ထားပြီး အထူးသဖြင့်တော့ အမေရိကန်၊ ဆော်ဒီတို့ကို ပြစ်တင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG