သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့မှာ IS အစွန်းရောက်အပေါ် အီရတ်ဝန်ကြီးချုပ် အောင်ပွဲခံ


အီရတ်နိုင်ငံ Mosul မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ကနေ ပြန်လည်သိမ်းပိုက်ပြီး အပြီးသတ် အောင်ပွဲခံလိုက်နိုင်ပြီ ဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် Haider al-Abadi က ပြောပါတယ်။

ဒီအောင်မြင်မှုဟာ ဖိနှိပ်မှုတွေ၊ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ အကြမ်းဖက်မှုတွေအပေါ် အနိုင်ရလိုက်တဲ့ အောင်ပွဲဖြစ်ကြောင်း Mosul မြို့ဟောင်းမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဝန်ကြီးချုပ် Abadi က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းကို ရုပ်မြင်သံကြားကနေ တနိုင်ငံလုံးကို ပြသခဲ့တာပါ။ IS တို့ရဲ့ အကြမ်းဖက်ဝါဒ ကျဆုံးပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်လိုက်နိုင်ဖြစ်ကြောင်း Mosul မြို့ကနေ ကြေညာလိုက်ကြောင်း ဝန်ကြီးချုပ် Abadi က ပြောပါတယ်။

Mosul မြို့မှာ IS အဖွဲ့ ကျဆုံးသွားပေမယ့်လည်း တိုင်းပြည်အတွင်း ကျန်ရှိနေသေးတဲ့ IS အဖွဲ့ရဲ့ အကြမ်းဖက်ဝါဒအပေါ် ယုံကြည်သူတွေကို တိုက်ဖျက်တာ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ တည်ငြိမ်မှုရှိအောင် လုပ်ဆောင်တာတွေ အပါအဝင် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ကြရဦးမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Abadi က ပြောပါတယ်။

ဝန်ကြီးချုပ် Abadi ရဲ့ ကြေညာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး အီရတ်လုံခြုံရေး တပ်ဖွဲ့တွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ဝန်ကြီးချုပ် အောင်ပွဲခံ မိန့်ခွန်း မပြောကြားခင် နာရီအနည်းငယ် အလိုအထိ Mosul မြို့ရဲ့ တချို့နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပေါ်နေဆဲ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG