သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာက နိုင်ငံခြားကူညီရေးလုပ်သား ၆ ဦး ရုပ်အလောင်းတွေ နေရပ်ပြန်ပို့ 


အစ္စရေးလေကြောင်းပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ World Central Kitchen အဖွဲ့က ဝန်ထမ်းတဦးရဲ့အလောင်းကို သယ်လာစဥ်။ (ဧပြီ ၃၊ ၂၀၂၄)
အစ္စရေးလေကြောင်းပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ World Central Kitchen အဖွဲ့က ဝန်ထမ်းတဦးရဲ့အလောင်းကို သယ်လာစဥ်။ (ဧပြီ ၃၊ ၂၀၂၄)

ဂါဇာကမ်းမြောင်က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ နိုင်ငံခြားအကူအညီပေးရေးလုပ်သား ခြောက်ဦးရဲ့ရုပ်အလောင်းတွေကို သူတို့ရဲ့ မွေးရပ်မြေကို ပြန်လည်ပို့ဆောင်နိုင်ဖို့ အီဂျစ်နိုင်ငံကို ဗုဒ္ဓဟူးနေ့က သယ်ဆောင်ခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ ကုလသမဂ္ဂကလည်း “သူတို့ရဲ့ ညပိုင်း အကူအညီ ပေးရေးလုပ်ငန်းတွေကို အနည်းဆုံး ၄၈ နာရီကြာ ဆိုင်းငံ့ထားမယ်” လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခံနေရတာပါ။ “ဘယ်လိုမှ လက်သင့်ခံဖွယ်ရာမရှိတဲ့ မှားယွင်းတဲ့လုပ်ရပ်”လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကပြောခဲ့ပြီး “ဂါဇာစစ်ပွဲ ဆင်နွှဲနေတဲ့ပုံစံကို ထင်ဟပ်စေတဲ့သေဆုံးမှု” လို့ ဆိုပါတယ်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဗီ (John Kirby) ရဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားချက်ထဲမှာလည်း ဂါဇာကမ်းမြောင်က စစ်ဆင်ရေးတွေအတွင်း အပြစ်မဲ့အရပ်သားတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ထိခိုက်သေဆုံးစေတာကို တားဆီးဖို့ အစ္စရေးအနေနဲ့ ပိုမိုလုပ်ဆောင်ရမယ်လို့ ပြောကြားပေမဲ့ တဘက်မှာလည်း ဟာမတ်စ်အဖွဲ့အပေါ် အစ္စရေးရဲ့ခုခံကာကွယ်ပိုင်ခွင့်ကို သမ္မတဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ ဆက်လက်ထောက်ခံကြောင်းပြောပါတယ်။

အစ္စရေးအစိုးရပြောရေးဆိုခွင့်ရှိသူရဲ့ ဗုဒ္ဓဟူးနေ့ (ဧပြီ ၃ ရက်) သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်မှာတော့ “နိုင်ငံခြားအကူအညီပေးရေးဝန်ထမ်းတွေ သေဆုံးခဲ့ရတာအတွက် ဝမ်းနည်းကြောင်းပြောထားပြီး ဒီလိုမျိုးထပ်မဖြစ်ဖို့ အစ္စရေးအနေနဲ့ တတ်နိုင်သမျှ နည်းလမ်းတွေသုံး ကာကွယ်သွားမယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့နှောင်းပိုင်းက အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း အမေရိကန်အခြေစိုက် စားနပ်ရိက္ခာကူညီရေးအသင်း World Central Kitchen က ဝန်ထမ်းခုနစ်ဦး သေဆုံးခဲ့တာပါ။

ဗုဒ္ဓဟူးနေ့မှာတော့ သေဆုံးခဲ့တဲ့ ဗြိတိန်နိုင်ငံသားသုံးဦး၊ ပိုလန်နိုင်ငံသားတဦး၊ ဩစတြေးလျနိုင်ငံသားတဦးနဲ့ ကနေဒါနိုင်ငံသားနှစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို လူနာတင်ယာဉ်တွေနဲ့ အီဂျစ်နိုင်ငံဘက်ကို ရာဖာနယ်စပ်မြို့ကတဆင့် ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးပါတယ်။ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းယာဉ်မောင်းတဦးလည်းသေဆုံးခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဂါဇာမှာမြှုပ်နှံဖို့ မိသားစုကို လွှဲပြောင်းပေးခဲ့ပါတယ်။

သူတို့ဟာ အသစ်ဖွင့်လှစ်လိုက်တဲ့ ဥရောပတိုက်ရဲ့ အရှေ့တောင်ပိုင်း အကျဆုံး ဆိုက်ပရပ်စ်နိုင်ငံက တဆင့် မြေထဲပင်လယ်ကို ဖြတ်ပြီး ဂါဇာကို ပေးပို့တဲ့ ရေလမ်းကြောင်း အကူအညီတွေကို ဂါဇာထဲမှာ ဖြန့်ဖြူးနေတုန်းမှာ သူတို့ရဲ့ မော်တော်ယာဥ် (၃) စီးကို မှားယွင်းပြီး အစ္စရေးဘက်က ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ယာဥ်ပေါ် ပါတဲ့ လူ ခုနှစ်ဦးလုံး သေဆုံးခဲ့တာပါ။

အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့ရဲ့အကြီးအကဲ ဟာဇီ ဟာလဲဗီ (Herzi Halevi) က ဒီတိုက်ခိုက်မှုကို “ကြီးလေးတဲ့ မှားယွင်းမှု” လို့ခေါ်ဆိုခဲ့ပြီး “ညအချိန် မှားယွင်း ပစ်မှတ်ထား ပစ်ခတ်မိတာ" လို့ အကြောင်းပြခဲ့ပြီး World Central Kitchen က အဖွဲ့ဝင်တွေကို မရည်ရွယ်ဘဲထိခိုက်စေခဲ့တာအတွက်ဝမ်းနည်းကြောင်း ဗီဒီယိုနဲ့ သတင်းစကား ထုတ်ပြန်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကလည်း ဒီ “ကြေကွဲဖွယ်ဖြစ်ရပ်” ကို “အဆုံးအထိ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေး” မယ်လို့ ကတိပြုခဲ့သလို အစ္စရေးသမ္မတ အိုင်းဇက် ဟာ့ဇော့ဂ် (Isaac Herzog) ကလည်း ဒီဖြစ်ရပ်အတွက် “အလေးအနက် ဝမ်းနည်းကြောင်းနဲ့ စိတ်ရင်းမှန်နဲ့ တောင်းပန်ကြောင်း” သတင်းထုတ်ပြန်ထားပါတယ်။

ဂါဇာက နိုင်ငံခြားကူညီရေးလုပ်သား ၆ ဦး ရုပ်အလောင်းတွေ နေရပ်ပြန်ပို့
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG