သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ပြင်သစ်သမ္မတနဲ့ ယူကရိန်း-ဂါဇာအရေး ဆွေးနွေးမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken -
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken -

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန် (Emmanuel Macron) နဲ့ လာမယ့် သီတင်းပတ်ထဲ ပြင်သစ်နိုင်ငံ ပါရီမှာ တွေ့ဆုံချိန် ယူကရိန်းနဲ့ဂါဇာအရေးကို အဓိကဆွေးနွေးသွားမယ်လို့ အမေရိနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်းအတွက် အထောက်အပံ့နဲ့ ဂါဇာမှာပဋိပက္ခတွေ တိုးမြင့်လာနေတာကို တားဆီးနိုင်မယ့်ကိစ္စရပ်တွေအပါအဝင် တခြား အရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ မက်သရူးမစ်လာက သတင်းထောက်တွေကို ပြောပါတယ်။ အစ္စရေးနဲ့ဟာမတ်စ်ကြား အမြဲတမ်း အပစ်အခတ်ရပ်စဲရေးအတွက် ပြင်သစ်က ထောက်ခံထားပြီး အစ္စရေးရဲ့ အဓိကမဟာမိတ်အမေရိကန်ကလည်း မွတ်ဆလင် ဥပုသ်လအတွင်း အပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မကြာသေးခင်ကပဲ ဗီတိုအာဏာသုံး မကန့်ကွက်ခဲ့လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမစ်လာရဲ့ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ဖြေကြားချက်ထဲမှာ အစ္စရေးနဲ့ ဟာမတ်စ်ကြားက ဓားစာခံပြန်လွှတ်ရေး သဘောတူညီချက်ရဖို့ ဖြစ်နိုင်ခြေ ရှိနေသေးကြောင်းလည်း ပါဝင်ပါတယ်။ ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ် ရာဖာ (Rafah) ကို အစ္စရေးဘက်က အကန့်အသတ် စစ်ဆင်ရေးတရပ်ဆင်နွှဲပြီး ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ရဲ့ လက်ကျန်တပ်မှူးတွေကို ဖယ်ရှား ရှင်းလင်းနိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း “အဲဒီလို ယုံကြည်ထားတယ်” လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပါလက်စတိုင်းတသန်းကျော် ခိုလှုံရောက်ရှိနေတဲ့ ရာဖာမှာ ဗုဒ္ဓဟူးနေ့က အနည်းဆုံး နေအိမ်လေးလုံးကို အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြေပြင်ထိုးစစ် မကြာမီစတင်တော့မယ့် အလားအလာအတွက် စိုးရိမ်ချက်တွေ ပိုတိုးလာနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတခုအတွင်းမှာ မိသားစုတစုက လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာက ပြီးခဲ့တဲ့သီတင်းပတ်က အပစ်အခတ်ရပ်စဲရေးတောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အစ္စရေးဘက်က မလိုလားချက်ကို ထုတ်ဖော်ပြသနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အစ္စရေးရဲ့အနီးကပ်ဆုံး မဟာမိတ် အမေရိကန်ပြည်ထောင်စုကတော့ ရာဖာကို မြေပြင်စစ်ဆင်ရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်စေမယ်လို့ သတိပေးထားပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ (Benjamin Netanyahu) က အနီးကပ်ဆုံး မဟာမိတ်ဝါရှင်တန်က သတိပေးထားပေမဲ့ ရာဖာကို မြေပြင်ထိုးစစ်ဆင်မယ်လို့ ကြေညာထားတာပါ။

အမေရိကန်က လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာမသုံးခဲ့လို့ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက် ထွက်လာပြီး မကြာခင်မှာပဲ ရာဖာ အတွက် အစီအစဉ်တွေ ဝါရှင်တန်မှာဆွေးနွေးဖို့ကို နေတန်ယာဟုဘက်က ရက်ရွှေ့ဆိုင်းဖို့တောင်းဆိုထားတယ်လို့ အမေရိကန်အရာရှိတဦးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အစ္စရေး-ဟာမတ်စ် ပဋိပက္ခဖြစ်နေတာ ၆ လရှိလာချိန်မှာ အစ္စရေးတောင်ပိုင်းကို မနှစ် အောက်တိုဘာလတုန်းက ဟာမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ပြီး ဂါဇာမှာလည်း လက်ရှိအချိန်တိုင် အစ္စရေးဓားစာခံ ၁၃၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်သလို အစ္စရေးရဲ့လက်တုံ့ပြန်တဲ့ နောက်ဆက်တွဲ ထိုးစစ်တွေအတွင်းမှာတော့ ဂါဇာမှာ ပါလက်စတိုင်း ၃၂,၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဟာမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG