သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ်အပစ်ရပ်ရေး ၇ ရက်မြောက် သဘောတူခဲ့


ဂါဇာကမ်းမြောင်ဒေသကနေ ပြန်လွတ်လာတဲ့ ဓားစာခံတဦး နိုဝင်ဘာ ၃၀ ရက်မှာ မိသားစုနဲ့ အစ္စရေးနိုင်ငံတွင်း ပြန်လည်တွေ့ဆုံစဥ်။
ဂါဇာကမ်းမြောင်ဒေသကနေ ပြန်လွတ်လာတဲ့ ဓားစာခံတဦး နိုဝင်ဘာ ၃၀ ရက်မှာ မိသားစုနဲ့ အစ္စရေးနိုင်ငံတွင်း ပြန်လည်တွေ့ဆုံစဥ်။

ဟားမတ်စ်တို့ဖမ်းထားတဲ့ဓါးစာခံတွေထဲ အစ္စရေးအမျိုးသမီးနှစ်ဦး ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး နောက်ထပ် ဓါးစားခံ ၆ ဦးလည်း လွတ်လာတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ လက်ရှိ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးယူထားတဲ့ရက်အတွင်း ဟားမတ်စ်တို့က တရက်ကို အစ္စရေးနိုင်ငံသား ၁၀ ဦးထက်မနည်း ပြန်လွှတ်ပေးနေတာပါ။

အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၀ ထက်မနည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုလို အကျဉ်းသားတွေနဲ့ ဓားစာခံတွေပြန်လွတ်လာရေးအတွက် ၇ ရက်မြောက် အပစ်အခတ်ရပ်စဲရေးရဖို့ နှစ်ဘက်ကြား နောက်ဆုံးအချိန်အထိ ညှိနှိုင်းဆောင်ရွက်ခဲ့ကြတာပါ။ ဖမ်းဆီးထားသူတွေပြန်လွတ်ရေး ညှိနှိုင်းကြိုးပမ်းနေတာနဲ့အမျှ အပစ်အခတ်ရပ်စဲရေး ဆက်ရှိနေမှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က လူမှုကွန်ယက်မှာ ဟီဘရူးဘာသာစကားနဲ့ ထုတ်ပြန်ရေးသားခဲ့ပါတယ်။ ၆ ရက်မြောက် အပစ်အခတ်ရပ်စဲရေးအဆုံးမသတ်ခင်လေး ၁၅ မိနစ်မှာ ဒီ ထုတ်ပြန်ချက်ထွက်လာခဲ့တာပါ။

အခုအချိန်အထိဆိုရင် ဟားမတ်စ်ကဖမ်းထားတဲ့ အမျိုးသမီးနဲ့ကလေးငယ်အများစု ပြန်လွတ်လာခဲ့ပါပြီ။ နောက်တဆင့်ဖြစ်တဲ့ ဟားမတ်စ်ကဖမ်းထားတဲ့ အစ္စရေးအမျိုးသားစစ်သားတွေနဲ့ အရပ်သားတွေကိုပြန်လွှတ်ဖို့၊ အစ္စရေးကဖမ်းထားတဲ့ ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေ ပြန်လွှတ်ဖို့ ညှိနှိုင်းမှုကတော့ ပိုပြီး ခက်ခဲလာမယ့်သဘောတော့ရှိနေပါတယ်။

အခုလို အကျဉ်းသားအပြန်အလှန်လွှတ်ဖို့နဲ့ ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ညှိနှိုင်းမှုမှာ ကာတာနဲ့ အီဂျစ်နိုင်ငံတို့က အဓိကအခန်းကဏ္ဍမှာရှိနေပါတယ်။ ၆ ရက်တာ အပစ်ရပ်ကာအတွင်းမှာ ဟားမတ်စ်တို့ဘက်က ဓါးစာခံ ၉၇ ဦး လွှတ်ပေးခဲ့ပြီး အဲဒီအထဲ ၇၀ က အစ္စရေးအမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် လွတ်လာတဲ့ ဓါးစာခံတဦးချင်းစီအတွက် အစ္စရေးဘက်က ပါလက်စတိုင်းအမျိုးသမီးနဲ့ဆယ်ကျော်သက် သုံးဦးစီ လွှတ်ပေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG