အစ္စရေးနဲ့ ဟာမတ်စ် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ဒီကနေ့ နောက်ဆုံးနေ့ ရောက်လာချိန်မှာပဲ အစ္စရေးက ပါလက်စတိုင်းအကျဉ်းသားတွေ ထပ်လွှတ်ပေးပြီး၊ အပြန်အလှန်အနေနဲ့ ဟာမတ်စ်တွေဖက်က ဓားစာခံတွေ ထပ်လွှတ်ပေးဖို့ မျှော်လင့်နေကြသလို၊ အပစ်အခတ် ရပ်စဲရေး သက်တမ်းထပ်တိုးဖို့လည်း ဖိအားပေးနေကြပါတယ်။
အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ဟာမတ်စ်တွေက အရိပ်အယောင်ပြထားသလို၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမယ့် အစီအစဉ်ကို ကြိုဆိုကြောင်းနဲ့ တနေ့ကို ဓားစာခံ ၁၀ ယောက်တိုးပြီး ပြန်လွှတ်ဖို့လည်း တောင်းဆိုထားပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲ ၆ ပတ်ကြာ ပြီးတဲ့နောက် ကနဦးသဘောတူညီချက်တွေအရ ဟာမတ်စ်အဖွဲ့က စုစုပေါင်း ဓားစာခံ အယောက် ၅၀ ကို လွှတ်ပေးခဲ့သလို၊ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၁၅၀ ကို လွှတ်ပေးခဲ့ပြီး တိုက်ပွဲတွေ ခေတ္တရပ်ခဲ့တာပါ။
ကုလသမဂ္ဂကတော့ အစ္စရေးနိုင်ငံသား ၃၉ ဦး၊ ပါလက်စတိုင်း ၁၁၇ ဦးနဲ့ နိုင်ငံခြားသား ၁၉ ဦးတို့ကို လွှတ်ပေးခဲ့တယ်လို့ တနင်္ဂနွေနေ့နှောင်းပိုင်းက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့အတွက် အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ဦးဆောင်ဆော်ဩနေကြတာပါ။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ဂါဇာကမ်းမြောင်ဒေသက လိုအပ်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ အကူအညီတွေ ထပ်တိုးလာတာကို ဆက်လက်မြင်တွေ့နိုင်ဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ” လို့ သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သမ္မတဂျိုးဘိုင်ဒန်ဟာ ဓားစာခံ လွတ်မြောက်ရေးအတွက် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့ တနင်္ဂနွေနေ့က ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာထားသလို၊ ဂါဇာကမ်းမြောင်ဒေသမှာ နောက်ထပ် လူသားချင်းစာနာတဲ့ အကူအညီတွေ ထပ်တိုးပေးဖို့ လိုအပ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။